၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ တွေ့မြင်ရဖွယ်ရှိတဲ့ စံချိန်သစ်များ

ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အတောအတွင်းမှာ တွေ့မြင်ရဖွယ် ရှိနေတဲ့ စံချိန်သစ် တချို့ကို စုစည်း ဖော်ပြလိုက်ပါတယ်။ဥရုဂွေး နည်းပြ အော်စကာ တာဘာရက်ဇ်ဟာ နိုင်ငံ လက်ရွေးစင် အသင်းတစ်ခုတည်းကို တာဝန်ယူပြီး ကမ္ဘာ့ဖလားမှာ အကြိမ်အများဆုံး ပါဝင်ဖူးတဲ့ နည်းပြအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။သူဟာ ၁၉၉၀၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာလည်း ဥရုဂွေး အသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာတော့ နိုင်ငံအသင်း တစ်ခုနဲ့ ကမ္ဘာ့ဖလားကို လေးကြိမ် ပါဝင်ဖြတ်သန်းဖူးတဲ့ ပထမဆုံး နည်းပြအဖြစ် တာဘာရက်ဇ်က စံချိန်သစ် တင်နိုင်မှာပါ။အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် အက်ဆမ် အယ်လ် ဟာဒါရီကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ဖူးသမျှ အသက်အကြီးဆုံး ဘောလုံးသမား ဖြစ်လာမှာပါ။သူဟာ လက်ရှိ အချိန်မှာ အသက် ၄၅ နှစ်နဲ့ ၅ လဝန်းကျင် ရှိနေပါပြီ။ဒါကြောင့် အရင်က စံချိန်ရှင် ဖြစ်ခဲ့တဲ့ ကိုလံဘီယာသား ဖာ့ဒ်မွန်ဒရာဂွန်ထက် ၂ နှစ်အသာနဲ့ စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။ဘရာဇီးနဲ့ ဂျာမနီတို့ကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံး အသင်းဆိုတဲ့ စံချိန်ကို အပြိုင်လုဦးမှာ ဖြစ်ပါတယ်။ဂျာမနီက ၂၂၄ ဂိုးသွင်းဖူးပြီး ဘရာဇီးက ၂၂၁ ဂိုးထိ ရရှိခဲ့တာကြောင့် နှစ်သင်းကြား ကွာဟချက်က မတိမ်းမယိမ်းပါပဲ။ဒီနှစ်မှာလည်း နှစ်သင်းစလုံး ခြေစစ်ပွဲ အောင်ခဲ့ကြတာကြောင့် ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး စံချိန်အတွက် ဆက်ပြီး ပြိုင်ဆိုင်နေကြဦးမှာပါ။ဂျာမန် လက်ရွေးစင် အသင်းရဲ့ ပွဲထွက် ဂိုးသမား မန်နျူရယ်လ် နော်ရာကတော့ ကမ္ဘာ့ဖလားရဲ့ ပေးဂိုးမဲ့ Clean Sheet ပွဲစဉ် အများဆုံးဆိုတဲ့ စံချိန်အတွက် ကြိုးစားရပါမယ်။သူဟာ အင်္ဂလန်ရဲ့ ပီတာရှီလ်တန်၊ ပြင်သစ်ရဲ့ ဖေဘီယန် ဘားသက်ဇ်တို့ တင်ထားတဲ့ ကမ္ဘာ့ဖလား Clean Sheet ၁၀ ပွဲဆိုတဲ့ စံချိန်ကို အမီလိုက်ဖို့ ၃ ပွဲပဲ လိုပါတော့တယ်။နော်ရာ အနေနဲ့ ၂၀၁၈ ပြိုင်ပွဲမှာ ဒီစံချိန်ကို အရယူနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။မက္ကဆီကို အသင်းရဲ့ ရာဖေးလ် မားကွတ်ဇ်ကတော့ လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲ အရေအတွက် အများဆုံး ဦးဆောင်ခဲ့တဲ့ အသင်းခေါင်းဆောင် အနေနဲ့ စံချိန်သစ် တင်နိုင်ပါလိမ့်မယ်။ကွင်းလယ်ခံစစ် ကစားသမားကြီးဟာ အရင်က ကမ္ဘာ့ဖလား လေးကြိမ်မှာ မက္ကဆီကို အသင်းခေါင်းဆောင် အနေနဲ့ ပါဝင်ဖူးပြီးပါပြီ။ဒါကြောင့် အခုနှစ်က သူ့ရဲ့ အသင်းခေါင်းဆောင်ဘဝ ကမ္ဘာ့ဖလား ဖြတ်သန်းမှု ပဉ္စမမြောက် အနေနဲ့ အကြိမ်အများဆုံး စံချိန်မှတ်တမ်းကို ပိုင်ဆိုင်တော့မှာပါ။ဂျာမနီ တိုက်စစ်မှူး သောမတ်စ် မူလာကတော့ နောင်တော်ကြီး မီယိုဆလက်ဗ် ကလိုဆေးရဲ့ ခြေရာကို လိုက်နင်းပြီး ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုးအများဆုံး သွင်းသူဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်မလား စောင့်ကြည့်ရမယ့်သူပါ။ကလိုဆေးဟာ လက်ရွေးစင် အသင်းကနေ အနားယူသွားပြီဖြစ်ပြီး သူပါဝင် ကစားခဲ့စဉ်က ကာလတွေမှာ ဂျာမနီ အသင်းအတွက် ကမ္ဘာ့ဖလား သွင်းဂိုး ၁၆ ဂိုးထိ ရယူပေးထားပါတယ်။မူလာကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်မှာ ၅ ဂိုးစီ သွင်းထားနိုင်ပြီး ဒီနှစ် ပြိုင်ပွဲမှာသာ ၆ ဂိုးထိ ရရှိခဲ့ရင်တော့ ကလိုဆေးရဲ့ စံချိန်ကို လိုက်မီသွားမှာ ဖြစ်ပါတယ်။ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ တိုက်စစ်သမားတွေ စုံစုံလင်လင် ပါဝင်လာပါတယ်။ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ်မက်ဆီ၊ နေမာ၊ လူးဝစ်ဆွာရက်ဇ်၊ ဒီယေဂိုကော်စတာ၊ အန်တိုနီယို ဂရိဇ်မန်း၊ မိုဟာမက်ဆာလား၊ ရောဘတ် လီဝင်ဒေါစကီး အစရှိတဲ့ အကျော်ကြားဆုံး ရှေ့တန်း ကစားသမားတွေ စုံစုံညီညီ ပါဝင်လာတဲ့အတွက် ဂိုးသွင်းအများဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆိုတဲ့ စံချိန်သစ်ကိုပါ မျှော်လင့်နိုင်ခြေ ရှိနေပါတယ်။လက်ရှိ စံချိန်ကတော့ ၁၉၉၈ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ ဖြစ်ခဲ့ပြီး အဲဒီတုန်းက သွင်းဂိုး ၁၇၁ ဂိုးစီ အသီးသီး တွေ့မြင်ခဲ့ရဖူးပါတယ်။