ကမ္ဘာ့ဖလား ဖွင့်ပွဲ အစီအစဉ်ရဲ့ ထူးခြားချက် ၇ ချက်

ဒီနေ့ ည ကြည့်ရမယ့် ကမ္ဘာ့ဖလား ဖွင့်ပွဲ အစီအစဉ်ရဲ့ ထူးခြားချက် ၇ ချက်

ဇွန် - ၁၄ ၊၂၀၁၈

၂၀၁၈ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားကို ဇွန်လ၁၄ ရက်နေ့ ညပိုင်း၊ ရုရှားနဲ့ ဆော်ဒီအာရေးဘီးယားတို့ ယှဉ်ပြိုင်တဲ့ အဖွင့်ပွဲစဉ် မတိုင်ခင် နာရီဝက် အလိုမှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ပွဲကျင်းပမယ့် နေရာကတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်က ပရိသတ်ရှစ်သောင်းလောက်ဆန်တဲ့လုဇ်နီကီ ဘောလုံးကွင်းကြီးထဲမှာပါ။အဲဒီကွင်းကြီးဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ် ကျင်းပမယ့် နေရာလည်း ဖြစ်ပါတယ်။ဗြိတိန် အဆိုတော် ရော်ဘီဝီလျံနဲ့ ဂီတပညာရှင်တွေ ပူးပေါင်းပြီး ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။အသက် ၄၄ နှစ်အရွယ် ဝီလျံက ကမ္ဘာ့ဖလား ဖွင့်ပွဲမှာ ဖျော်ဖြေဖို့ ဆိုတာဟာ သူ့ရဲ့ ငယ်ဘဝ အိပ်မက် တစ်ခုလို့ တင်စားထားပါတယ်။ဖျော်ဖြေပွဲ အစီအစဉ်တွေမှာ အမေရိကန်မင်းသားဝီလ်စမစ်စ်၊ ရုရှား အော်ပရာ အဆိုတော် အိုင်ဒါ ဂါရီဖူလီနာတို့လည်း အားဖြည့်ထားပါတယ်။ဒါ့အပြင်ဂျွမ်းဘားအလှ အားကစားသမားတွေ၊ ပရော်ဖက်ရှင်နယ် ကချေသည်တွေ အယောက်၅၀၀ လောက်လည်း ဖွင့်ပွဲမှာ ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အခု ဖွင့်ပွဲ အခမ်းအနားဟာ အရင်နှစ်တွေနဲ့ အများကြီး ကွာခြားနိုင်ပြီး ဂီတ ဖျော်ဖြေမှုပိုင်းကို အလေးထား တင်ဆက်ထားတယ်လို့ ကြေညာထားပါတယ်။မော်စကိုက ရင်ပြင်နီမှာလည်း သီးသန့် ဂီတ ဖျော်ဖြေပွဲတွေ တင်ဆက်နေဦးမှာ ဖြစ်ပါတယ်။ဖွင့်ပွဲအခမ်းအနားမှာ ဆုဖလားကြီးကို ဘရာဇီး ဂန္ထဝင် ဘောလုံးသမားဟောင်းနဲ့ ကမ္ဘာ့ချန်ပီယံဆုနှစ်ကြိမ် ရရှိဖူးသူ ရော်နယ်လ်ဒိုက ယူဆောင်လာပေးမှာပါ။ရုရှားနိုင်ငံမှာပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရတဲ့ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက် အားပေးမယ်လို့လည်း သိရပါတယ်။ဖွင့်ပွဲအပြီးမှာတော့ ပထမဆုံးပွဲစဉ်အနေနဲ့ ရုရှားအသင်းနဲ့ ဆော်ဒီအာရေးဗီးယားအသင်းတို့.ယှဉ်ပြိုင်ကြမှာပါ။ကမ္ဘာ့ဖလား ဖွင့်ပွဲ ပွဲစဉ်ကိုတော့  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသပေးမယ်လို့ သိရပါတယ်။