သမိုင်းကြောင်း ရှည်လျား ကျယ်ပြန့်လှတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ

ရုရှားနိုင်ငံမှာ လက်ရှိ ပြိုင်ပွဲ စတင်နေခြင်းနဲ့အတူ ကမ္ဘာ့ဖလားကို အစဉ်အဆက် ကျင်းပလာတာ ၂၁ ကြိမ်မြောက် ဖြစ်လာပါပြီ။ ကမ္ဘာပေါ်မှာ နိုင်ငံ လက်ရွေးစင် အသင်းတိုင်းရဲ့ အကြီးမားဆုံး အိပ်မက် တစ်ခုလည်းဖြစ်၊ ဂုဏ်သိက္ခာ အကြီးဆုံး အောင်မြင်မှု ပုံရိပ်လည်းဖြစ်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ဘယ်လိုဘယ်ပုံ ဖွဲ့စည်း ဖြစ်ပေါ်လာသလဲ ဆိုတာကလည်း သမိုင်းကြောင်း ရှည်လျား ကျယ်ပြန့်လှပါတယ်။

ဗြိတိန်ကျွန်းစုကနေ စတင်ထွန်းကားလာတဲ့ ခေတ်သစ် ဘောလုံး ကစားနည်းဟာ ၁၉၀၀ ပြည့်လွန်နှစ်တွေလောက် ရောက်လာတဲ့အခါ နိုင်ငံတကာကို အတော်လေး ပျံ့နှံ့နေခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၀၀ နဲ့ ၁၉၀၄ နွေရာသီ အိုလံပစ်တွေတုန်းက ဘောလုံးပွဲတွေကို ဆုတံဆိပ် မချီးမြှင့်တဲ့ သရုပ်ပြ အားကစားအဖြစ် ထည့်သွင်းခဲ့ပါတယ်။ အဲဒီ အချိန်တွေကစလို့ နိုင်ငံတကာ အသင်းတွေ စုပေါင်း ယှဉ်ပြိုင်တဲ့ ဘောလုံးပွဲမျိုး ပေါ်ပေါက်လာသင့်တယ်ဆိုတဲ့ စိတ်ကူးမျိုး အခြေတည်လာခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ကို ၁၉၀၄ ခုနှစ်မှာ အတည်ပြု ဖွဲ့စည်းနိုင်ခဲ့တဲ့နောက် အိုလံပစ် လောင်းရိပ်အောက်က ခွဲထွက်တဲ့ နိုင်ငံတကာ ဘောလုံးပွဲမျိုး ကျင်းပနိုင်ဖို့ ပိုပြီး စိတ်ဝင်စားလာတယ်။ လန်ဒန်မှာ ကျင်းပတဲ့ ၁၉၀၈ အိုလံပစ်မှာတော့ ဘောလုံးပွဲတွေဟာ ပြိုင်ပွဲမှာ တင်းပြည့်ကျပ်ပြည့် အသိအမှတ်ပြုတဲ့ အားကစားနည်း ဖြစ်လာပါပြီ။ ၁၉၁၄ မှာ ဖီဖာက အိုလံပစ် ဘောလုံးပွဲတွေကို နိုင်ငံစုံ ပါဝင်တဲ့ အပျော်တမ်းအဆင့် ပြိုင်ပွဲအဖြစ် သတ်မှတ်ပြီး ကြီးကြပ် ညွှန်ကြားမှု စတင်လာခဲ့တယ်။

၁၉၂၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့ဖလားရဲ့ ဖခင်ကြီးလို့ တင်စားရမယ့် ဂျူးလ်စ်ရီမတ်က ဖီဖာ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အတွေးအခေါ် ဆန်းသစ်ပြီး အပြောင်းအလဲတွေ ဖန်တီးလိုတဲ့ ရီမတ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့တဲ့ နိုင်ငံစုံ ဘောလုံးပွဲ အိပ်မက်ကို လက်တွေ့ အသက်သွင်းဖို့ အင်တိုက်အားတိုက် ကြိုးစားခဲ့ပါတယ်။ နိုင်ငံစုံက ဘောလုံး အဖွဲ့ချုပ်တွေကို စည်းရုံးတယ်။ အိုလံပစ် ကော်မတီနဲ့ ညှိတယ်။ ကမ္ဘာ့ တိုက်ကြီးတွေက နိုင်ငံစုံ ဘောလုံးအသင်းတွေ ယှဉ်ပြိုင်မယ့် ဘောလုံးပွဲမျိုး ဖြစ်ထွန်းလာခြင်းဟာ အဖက်ဖက်က အကျိုးရှိစေမယ် ဆိုတာကို အားလုံး လက်ခံလာအောင် အစွမ်းကုန် ကြိုးစားခဲ့တယ်။

ရီမတ်ရဲ့ အားထုတ်မှုဟာ အချည်းနှီး မဖြစ်ခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ်မှာတော့ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ပါဝင်တဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဥရုဂွေး နိုင်ငံမှာ ကျင်းပနိုင်ခဲ့တယ်။ အစောပိုင်းမှာ ဥရောပ နိုင်ငံအများစုက ပြိုင်ပွဲမှာ ပါဝင်ဖို့ ငြင်းဆိုတာကြောင့် ရီမတ်တစ်ယောက် မျက်လုံးပြူးခဲ့ပါသေးတယ်။ ဘောလုံးဘိုးအေဆိုပြီး မာနတစ်ခွဲသားနဲ့ ရပ်တည်နေတဲ့ ဗြိတိန်ကလည်း အဲဒီအချိန်မှာ ဖီဖာ အဖွဲ့ဝင် မဖြစ်သေးပါဘူး။ ဒါပေမဲ့ ရီမတ်ရဲ့ ကြိုးစားမှုကြောင့် ဥရောပတိုက်က ပြင်သစ်၊ ယူဂိုဆလားဗီးယား၊ ရိုမေးနီးယားနဲ့ ဘယ်လ်ဂျီယံ အသင်းတွေ ဥရုဂွေးထိ လာရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ အိမ်ရှင် ဥရုဂွေး အသင်းက ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဥရောပ ဘောလုံးအင်အားကြီး အသင်းတော်တော်များများ ဝင်မပြိုင်ခဲ့တဲ့ အကျိုးဆက်ကတော့ နောင်တစ်ချိန်မှာ ဘရာဇီးဟာ ကျင်းပ ပြီးစီးသမျှ ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူသွားနိုင်တာပဲ ဖြစ်ပါတယ်။ ၁၉၃၄ နဲ့ ၁၉၃၈ တွေမှာတော့ ဥရောပဘက်ကို ပြောင်းရွှေ့ ကျင်းပလာသလို နိုင်ငံတကာ စိတ်ဝင်စားမှုလည်း ပိုမို ရရှိလာခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို လေးနှစ်တစ်ခါ ကျင်းပမှု အရှိန်လေး ရလာချိန်မှာပဲ ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားတဲ့အတွက် ၁၉၃၈ ပြင်သစ် ကမ္ဘာ့ဖလားနဲ့ ၁၉၅၀ ဘရာဇီး ကမ္ဘာ့ဖလားကြားမှာ အချိန် ၁၂ နှစ်လောက် ခြားသွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လေးနှစ်တစ်ကြိမ် ပုံမှန်ပဲ ကျင်းပလာခဲ့တာ ဒီနေ့ အချိန်ထိပါပဲ။

ဒီနေရာမှာ သတိထားသင့်တဲ့ တစ်ချက်က ၁၉၃၀ ကနေ ၁၉၇၀ ပြည့်နှစ်ထိ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ပေးအပ်တဲ့ ဆုဖလားကို ကမ္ဘာ့ဖလားလို့ မသုံးနှုန်းသေးဘူး ဆိုတာပါပဲ။ ပြိုင်ပွဲ စတင်ထူထောင်သူကို အစွဲပြုပြီး ဂျူးလ်စ်ရီမတ် ဖလားလို့ပဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ဘရာဇီးက တတိယ အကြိမ်မြောက် ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် ဆုဖလားကြီးကို အပိုင်ပေးလိုက်ပြီး ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ ဖလားဒီဇိုင်းသစ်နဲ့ အစားထိုးခဲ့ပါတယ်။ ဂရိ အောင်ပွဲ နတ်ဘုရားမယ် နိုက်ကေးက ကမ္ဘာလုံးကြီးကို ထမ်းပိုးထားတဲ့ပုံ ဆုဖလားကြီးပါ။ မူလ ဂျူးလ်စ်ရီမတ် ဖလားကတော့ ၁၉၈၃ ခုနှစ်မှာ အခိုးခံလိုက်ရပြီး ဘယ်တော့မှ ပြန်ရှာမတွေ့တော့ပါဘူး။

ကမ္ဘာ့ဖလား သမိုင်းတလျှောက်မှာ အမှတ်ရစရာ အခိုက်အတန့်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်က အီတလီမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အိမ်ရှင်အသင်း ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီတုန်းက အီတလီ ဖက်ဆစ်ခေါင်းဆောင် ဘင်နီတို မူဆိုလီနီဟာ သူ့ရဲ့ နိုင်ငံရေးဝါဒ ဖြန့်ချိဖို့ ကြားခံ ကိရိယာ တစ်ခုလိုမျိုး ကမ္ဘာ့ဖလားကို အသုံးချခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက်မှာ နိုင်ငံရေးနဲ့ အားကစား ယှက်နွှယ်တဲ့ ရုပ်အဆိုးဆုံး ဖြစ်ရပ် တစ်ခုပါပဲ။

ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ၁၉၅၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကတော့ အံ့ဩစရာ အကောင်းဆုံး ကမောက်ကမ ရလဒ်မျိုး ထွက်ပေါ်ခဲ့တယ်လို့ ပြောမဆုံးနိုင်အောင် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဘောလုံးအင်အားကြီး နိုင်ငံဖြစ်တဲ့ ဟန်ဂေရီဟာ အုပ်စုအဆင့်မှာ အနောက်ဂျာမနီကို ရှစ်ဂိုး-သုံးဂိုးဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားဖူးပါတယ်။ ဗိုလ်လုပွဲမှာ ဒီနှစ်သင်း ပြန်တွေ့တဲ့အခါ အားလုံးလိုလိုက ဆုဖလားဟာ ဟန်ဂေရီ အိတ်ထဲကို ရောက်နေပြီးသားလို့ အပိုင်တွက်ခဲ့ကြတယ်။ တကယ်တမ်း ဗိုလ်လုပွဲ ကစားတော့လည်း ပွဲချိန် ၈ မိနစ်မှာ ကတည်းက ဟန်ဂေရီက တစ်ဂိုးအသားနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမန်သားတွေရဲ့ အံ့မခန်း ရုန်းကန်မှုနဲ့အတူ ရလဒ်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး ပွဲအပြီးမှာ သုံးဂိုး-နှစ်ဂိုးနဲ့ ဟန်ဂေရီ အသင်းကို အနိုင်ယူပြသွားပါတယ်။ ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ် ဆိုတဲ့အကြောင်း ၁၉၅၄ ကမ္ဘာ့ချန်ပီယံ အနောက်ဂျာမနီက သက်သေပြခဲ့တာပါပဲ။

ပြင်သစ်မှာ ကျင်းပတဲ့ ၁၉၉၈ ကမ္ဘာ့ဖလားကစလို့ အသင်းအရေအတွက်ကို ၃၂ သင်းထိ တိုးမြှင့်လိုက်ပါတယ်။ စုစုပေါင်း ကစားရတဲ့ ပွဲစဉ်ကလည်း ၆၄ ပွဲထိ ရှိလာတယ်။ မီဒီယာ ထွန်းကားတဲ့ခေတ်ထဲ ချဉ်းနင်း ဝင်ရောက်လာခြင်းနဲ့အတူ ကမ္ဘာ့ဖလားရဲ့ အရှိန်အဝါကလည်း ပိုကြီးလာပါတယ်။ ၂၀၂၆ မှာ မြောက်အမေရိက သုံးနိုင်ငံ အိမ်ရှင်အဖြစ် ခွဲဝေ တာဝန်ယူမယ့် ပြိုင်ပွဲကျရင်တော့ ဖွဲ့စည်းပုံ ထပ်ပြောင်းပြီး အသင်းအရေအတွက် ၄၈ သင်းထိ ရှိလာတော့မှာပါ။

ကမ္ဘာ့ဖလား သမိုင်းတလျှောက်မှာ ၅ ကြိမ် ဗိုလ်စွဲဖူးတဲ့ ဘရာဇီးက အစဉ်အလာ အကြီးဆုံးအဖြစ် ရပ်တည်နေပြီး အခုနှစ် ပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ထင်ကြေးပေး စောင့်ကြည့်ခံနေရဆဲ ဖြစ်ပါတယ်။