လက်ရှိချန်ပီယံ အသင်းတွေ ချေဖျက်ဖို့ ခက်ခဲနေဆဲဖြစ်တဲ့ ကမ္ဘာ့ဖလား ကျိန်စာ

တောင်ကိုရီးယားကို ရှုံးနိမ့်ပြီး လက်ရှိ ချန်ပီယံ ဂျာမနီအသင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာသွားရမယ် ဆိုတာက ဘယ်သူမှ ကြိုတွေးမထားတဲ့ ကိစ္စပါ။ ဒါပေမဲ့ လက်တွေ့ ပွဲပြီး ရလဒ်မှာတော့ ကင်မ်ယောင်ဂွမ်၊ ဆွန်ဟောင်မင်းတို့ရဲ့ ဂိုးတွေနဲ့ တောင်ကိုရီးယားက အနိုင်ရခဲ့တာကြောင့် ချန်ပီယံတွေခမျာ အုပ်စု ဘိတ်ဆုံးကနေ အိမ်ပြန်စောခဲ့ပါတယ်။ တစ်လက်စတည်းမှာပဲ ကမ္ဘာ့ဖလားရဲ့ ချန်ပီယံ ကျိန်စာဟာ အမှန်တကယ် ခြောက်လှန့်မှု ကြီးမားနေပြီလားဆိုတဲ့ ဥပါဒါန် အစွဲတွေကို ပိုခိုင်မာလာစေပါတယ်။

အမှန်တကယ်လည်း အခုနှစ် ပြိုင်ပွဲ အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်မှာ ချန်ပီယံအသင်းတွေ အုပ်စု အဆင့်ကတင် ထွက်ရတာ ၄ ကြိမ် ရှိခဲ့ပါတယ်။ ခြွင်းချက် အနေနဲ့ ၂၀၀၂ ချန်ပီယံ ဘရာဇီး တစ်သင်းပဲ ၂၀၀၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံ အသင်းတွေ အုပ်စု အဆင့်ကတင် ပြိုင်ပွဲကို နှုတ်ဆက်ရတာ ဂျာမနီနဲ့ဆိုရင် ကမ္ဘာ့ဖလား သုံးကြိမ်ဆက်တိုက် ရှိလာပါပြီ။ ဒါကြောင့် ကမ္ဘာ့ဖလားမှာ ချန်ပီယံ အသင်းတွေ ကျိန်စာ သင့်နေသလားဆိုတဲ့ မေးခွန်းက ပိုခိုင်မာလာပါတယ်။

တကယ်တော့ ဒီဖြစ်ရပ်တွေဟာ ကြောင်းကျိုး ဆက်စပ်မှု ရှိနိုင်ပါတယ်။ ချန်ပီယံ ဖြစ်တဲ့ အသင်းက ဝါရင့် ကစားသမားကောင်းတွေ အနားယူပြီး မျိုးဆက်သစ်တွေ အစားထိုး ပြန်မဖြည့်နိုင်တာ၊ ချန်ပီယံကို အနိုင်ယူဖို့ ပြိုင်ဘက်တွေက ပိုအားထုတ်ကြတာ၊ ကံကြမ္မာ အထောက်အပံ့ မရတာ အစရှိသဖြင့် ညွှန်ကိန်း တော်တော်များများကို ဆွဲထုတ်လို့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ချန်ပီယံတွေ ကံမကောင်းခဲ့တာတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်အတွင်း အုပ်စုအဆင့်ကတင် Good Bye လုပ်ခဲ့ရတဲ့ အသင်းတွေကို ဖော်ပြလိုက်ပါတယ်။
(1) --- ၁၉၉၈ ကမ္ဘာ့ချန်ပီယံ ပြင်သစ်ဟာ ဒီကျိန်စာရဲ့ ကနဦး အစလို့ ပြောနိုင်ပါတယ်။ စုဖွဲ့မှုပိုင်း အတောင့်တင်းဆုံး မဟုတ်တော့ဘူး ဆိုရင်တောင် ၂၀၀၂ ခုနှစ်မှာ ပြင်သစ်ရဲ့ လူစာရင်းက ထိပ်တန်း အဆင့်မှာ ပါဝင်နေဆဲပါ။ ဒါပေမဲ့ ပွဲဦးထွက်မှာ ဆီနီဂေါကို ရှုံးတယ်။ ဒုတိယ ပွဲစဉ်မှာ ဥရုဂွေးနဲ့ သရေကျလို့ မျှော်လင့်ချက် ခပ်ရေးရေး ပြန်ပေါ်လာပေမယ့် နောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်ကို နှစ်ဂိုးပြတ် ရှုံးခဲ့တာကြောင့် အုပ်စုဘိတ်ဆုံး နေရာကနေ စောစောစီးစီး အောင်ဖျာလိပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ပြင်သစ်မှာ ဇနီဒင်းဇီဒန်း၊ ပက်ထရစ်ဗီအဲရာ၊ ဒေးဗစ် ထရာဇီဂေးတို့လို ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်တွေ ပါဝင်နေလျက်နဲ့ အရှုံးကြီး ရှုံးခဲ့တာ ဖြစ်ပါတယ်။

(2) --- ၂၀၁၀ ကမ္ဘာ့ဖလားမှာ နောက်တစ်ခါ ကျိန်စာသင့်ခဲ့တာကတော့ ၂၀၀၆ ချန်ပီယံ အီတလီ ဖြစ်ပါတယ်။ အုပ်စုအဖွင့် ပွဲစဉ်မှာ ပါရာဂွေးနဲ့ တစ်ဂိုးစီ သရေကျသွားတော့ အခြေအနေက သိပ်မဆိုးလှသေးပါဘူး။ ဒါပေမဲ့ ဒုတိယ ပွဲစဉ်မှာ သမုဒ္ဒရာပိုင်းဇုန်က မထင်မရှား အသင်းငယ်လေး နယူးဇီလန်ကို သရေထပ်ကျလိုက်တဲ့အခါ အီတလီရဲ့ အနေအထားက စိုးရိမ်ရေအမှတ် ရောက်လာပါတယ်။ ဖိအားတွေနဲ့ ကစားခဲ့ရတဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ ဆလိုဗက်ကီးယားကို အရေးနိမ့်ပြီး အုပ်စု နောက်ဆုံး အဆင့်မှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ အီတလီမှာလည်း ဂျင်နရို ဂက်တူဆို၊ ဖေဘီယို ကင်နာဗာရို၊ အင်ဒရီယာ ပီယာလိုတို့လို ကမ္ဘာကျော် ကစားသမားတွေ ပါဝင်ခဲ့ပေမယ့် စောစောစီးစီးပဲ တောင်အာဖရိကမြေကို နှုတ်ဆက် အိမ်ပြန်ခဲ့ရပါတယ်။

(3) --- နောက်ထပ် ၄ နှစ်အကြာမှာ ကျင်းပတဲ့ ၂၀၁၄ ပြိုင်ပွဲမှာလည်း လက်ရှိ ချန်ပီယံ စပိန်ဟာ ကြမ္မာဆိုးနဲ့ ထပ်ကြုံခဲ့ပြန်ပါတယ်။ စပိန်ရဲ့ ကျဆုံးမှုက ပိုပြီးတော့တောင် ရင်နာဖို့ ကောင်းပါတယ်။ ပြိုင်ပွဲ မတိုင်ခင်မှာ စပိန်ဟာ အထင်ကရ ပြိုင်ပွဲကြီး သုံးခုမှာ ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ ၂၀၀၈ နဲ့ ၂၀၁၂ ဥရောပ ဖလားတွေအပြင် ၂၀၁၀ ကမ္ဘာ့ဖလားမှာပါ စပိန်က ချန်ပီယံ ဖြစ်ထားတာပါ။ ပြီးတော့ တီကီတာကာဆိုတဲ့ တိုက်စစ်အသားပေး ကစားဟန်ကလည်း စပိန်အသင်းနဲ့အတူ အရမ်း နာမည်ကြီးနေပါတယ်။ စပိန်လူစာရင်းကို ကြည့်ပြန်တော့လည်း ဇာဗီဟာနန်ဒက်ဇ်၊ အီကာကားဆီးလက်စ်၊ အန်းဒရက်စ် အင်နီယက်စတာ၊ ဇာဘီ အလွန်ဆိုစတဲ့ နေရာအလိုက် ကမ္ဘာ့ အကောင်းဆုံးတွေချည်း စုဖွဲ့ထားတာ ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ ပြိုင်ပွဲ တကယ်စတဲ့ အချိန်ကျတော့ အဖွင့်ပွဲစဉ်မှာ နယ်သာလန်ကို ငါးဂိုး-တစ်ဂိုးနဲ့ အရှုံးကြီး ရှုံးပါတယ်။ ဒုတိယပွဲမှာ ချီလီကို ဆက်တိုက် ထပ်ရှုံးတယ်။ အုပ်စု နောက်ဆုံးပွဲမှာ ဩစတြေးလျကို သုံးဂိုးပြတ် အနိုင်ကစားခဲ့ပေမယ့် ဆေးမမီတော့ဘဲ အုပ်စု တတိယသာရပြီး ဘရာဇီးမြေကို နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။

(4) --- လက်ရှိ ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ၂၀၁၄ ချန်ပီယံ ဂျာမနီအသင်း ထွက်ခွာသွားရပါပြီ။ ဒါပေမဲ့ အုပ်စုနောက်ဆုံးပွဲ စကစားချိန်ထိ ဂျာမနီက အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ အားလုံးလိုလိုက ယုံကြည်ထားကြတာပါ။ အုပ်စု အဖွင့်ပွဲစဉ်မှာ မက္ကဆီကို အသင်းကို ဖိကစားနိုင်ခဲ့ပေမယ့် အမှတ်မထင် အရေးနိမ့်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယ ပွဲစဉ်မှာ ဆွီဒင်ကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် အခြေအနေ ပြန်ကောင်းလာပါတယ်။ နောက်ဆုံးပွဲမှာ ဂျာမနီအသင်း ရင်ဆိုင်ရမှာက သိပ်ပြီး မတောင့်တင်းတဲ့ တောင်ကိုရီးယား ဖြစ်နေတာကြောင့် ဂျာမနီပဲ အလွယ်တကူ နိုင်မယ်၊ ဆွီဒင်နဲ့ မက္ကဆီကို တစ်သင်းသင်း ပြုတ်လိမ့်မယ်လို့ လူတိုင်းက ကျိန်းသေ တွက်ထားကြပါတယ်။ တကယ်တမ်း ပွဲကစားတော့ တောင်ကိုရီးယားရဲ့ ကျစ်လစ်တဲ့ ခံစစ်ကို ထိုးဖောက်ဖို့ ဂျာမန်သားတွေ အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် ပွဲချိန် နောက်ဆုံးမိနစ်တွေမှာ အာရှအသင်းရဲ့ နှစ်ဂိုးဆက် သွင်းယူမှုကိုပါ ခံရပြီး အုပ်စုဘိတ်ဆုံးကနေ အိမ်ပြန်ခဲ့ရပါတယ်။ ဂျာမနီ အတွက်တော့ အုပ်စု ပွဲစဉ်တွေနဲ့ ယှဉ်ပြိုင်ကစားစေခဲ့တဲ့ ကာလနောက်ပိုင်း ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် အုပ်စုကနေ ထွက်ခွာရခြင်း အဖြစ်ပါ မှတ်တမ်းဆိုး ကျန်နေခဲ့ပါတယ်။