ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွေမှာ သုံးမယ့်  တယ်လ်စတာ မက်ခ်ျတာ ဘောလုံးအသစ်

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ စတင် အသုံးပြုမယ့် တယ်လ်စတာ မက်ခ်ျတာ ဘောလုံးအသစ်ကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီ ဘောလုံးဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေမှာ အသုံးပြုနေတဲ့ တယ်လ်စတာ ၁၈ ဘောလုံးနဲ့ ဒီဇိုင်းပိုင်း တူညီပြီး ပိုမိုထင်ရှား တောက်ပတဲ့ အရောင်အသွေး အစပ်အဟပ်တွေကို ပြောင်းလဲ အသုံးပြုထားပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲတွေအတွက် ဘောလုံးတွေ ထုတ်လုပ်ပေးလေ့ရှိတဲ့ ဂျာမန် အားကစား ကုမ္ပဏီကြီး Adidasက တယ်လ်စတာ ဘောလုံးအသစ်ရဲ့ နာမည်ကို မက်ခ်ျတာလို့ တွဲဖက် မှည့်ခေါ်ရတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ မက်ခ်ျတာ ဆိုတာက ရုရှားဘာသာစကားအရ အိပ်မက်၊ ဒါမှမဟုတ် ရည်မှန်းချက်လို့ အဓိပ္ပါယ် ရပါတယ်။

ဒီဘောလုံးမှာ အဖြူရောင်ကို အောက်ခံထားပြီး အနီရဲရဲနဲ့ အနက်ရောင် ဒီဇိုင်းကွက်တွေ ပုံဖော် ရိုက်နှိပ်ထားပါတယ်။ Adidasတံဆိပ်၊ ဘောလုံးနာမည်နဲ့ ရုရှား ကမ္ဘာ့ဖလား သင်္ကေတတွေကိုတော့ ရွှေအိုရောင်တွေနဲ့ ရေးထိုးထားပါတယ်။

ဘောလုံးရဲ့ အရောင်ရွေးချယ်မှုဟာ အိမ်ရှင် ရုရှားနိုင်ငံရဲ့ သင်္ကေတတွေနဲ့ ပိုမိုနီးစပ်အောင် ရည်ရွယ်ထားတယ်လို့ Adidasက ပြောပါတယ်။

တယ်လ်စတာ မက်ခ်ျတာ ဘောလုံးအသစ်ကို ဇွန် ၃၀ မှာ စတင် ယှဉ်ပြိုင်မယ့် ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေကစပြီး အသုံးပြုစေမှာ ဖြစ်ပါတယ်။

တယ်လ်စတာ မက်ခ်ျတာရော၊ မူရင်း တယ်လ်စတာ ၁၈ ဘောလုံးပါ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက အောင်မြင်ခဲ့တဲ့ ဘရာဇူကာ ဘောလုံးရဲ့ အကောင်းဆုံး အားသာချက်တွေကို အခြေခံပြီး အဆင့်မြှင့် တီထွင်ထားတာ ဖြစ်ပါတယ်။

ခေတ်အမီဆုံး နည်းပညာတွေ အသုံးပြု ဖန်တီးထားတဲ့အတွက် ဘောလုံးကစားသူတွေရဲ့ စွမ်းဆောင်ရည်ကို အတိကျဆုံး၊ အမြင့်မားဆုံး ရုပ်လုံးပေါ်စေမယ်လို့လည်း ဆိုပါတယ်။ ရုရှားမြေက ပြိုင်ပွဲကြီး မစတင်ခင် ကတည်းက ဒီဘောလုံးတွေကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ၊ နာမည်ကြီး ကလပ်အသင်းတွေမှာ အကြိမ်ကြိမ် စမ်းသပ်စေခဲ့ပြီး ဖြစ်ပါတယ်။

တယ်လ်စတာ မက်ခ်ျတာနဲ့ တက်လ်စတာ ၁၈ တွေမှာ NFC Chipတွေ ထည့်သွင်းထားပြီး ဒါဟာ တရားဝင် ပြိုင်ပွဲကြီးတွေမှာ အသုံးပြုတဲ့ ဘောလုံးတွေမှာ ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ် နည်းပညာ ပေါင်းစပ်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီ Chipဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဘောလုံးကစားသူတွေရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကို အာရုံခံ စုဆောင်းနိုင်စွမ်း ရှိပါတယ်။

ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ စတင် အသုံးပြုလာပြီးတဲ့နောက် တယ်လ်စတာ မက်ခ်ျတာ ဘောလုံးတွေကို တစ်ကမ္ဘာလုံးက တရားဝင် Adidas စတိုးတွေမှာပါ ရောင်းချမယ်လို့ သိရပါတယ်။ အဲဒီ ဘောလုံးတစ်လုံးအတွက် ဈေးနှုန်းကတော့ ၁၆၅ ဒေါ်လာလောက် ကျသင့်မှာ ဖြစ်ပါတယ်။