ရော်နယ်လ်ဒို ပင်နယ်တီ လွဲပေမယ့်အုပ်စုကနေတက်သွားတဲ့ ပေါ်တူဂီ

အုပ်စု(B)ရဲ့ နောက်ဆုံးပွဲစဉ်တွေက ပြဇာတ်ဆန်ဆန် ပြီးဆုံးခဲ့ပြီး ပေါ်တူဂီနဲ့ အီရန် ပွဲစဉ်ကလည်း ပွဲကြမ်း၊ ပွဲကောင်း ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲ မစခင်က အုပ်စုတွင်းမှာ အားအနည်းဆုံး ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ အီရန်ဟာ ဥရောပ ချန်ပီယံ ပေါ်တူဂီကို အကောင်းဆုံး တုံ့ပြန်ပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့ဘဲ အုပ်စုအဆင့်ကတင် ထွက်ခွာခဲ့ရပါတယ်။

ပေါ်တူဂီအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပြီးခါနီး နာကျင် အပိုဆောင်းချိန်မှာ ရီကာဒို ကွာရက်စ်မာက သွင်းယူခဲ့ပါတယ်။

ညာတောင်ပံကနေ ထိုးဖောက်လာတဲ့ ကွာရက်စ်မာက တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားနဲ့ တစ်ချက်ထိ အပေးအယူလုပ်ပြီး ဧရိယာ ထိပ်နားကနေ ထောင့်ဖြတ် လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၈ မိနစ် အကြာမှာတော့ ပေါ်တူဂီအသင်း ပွဲရလဒ်ကို ဖြတ်ထားနိုင်မယ့် အခွင့်အရေး ရလာပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အီရန်နောက်တန်းက ဧရိယာထဲမှာ တားဆီးပုံ ကြမ်းတမ်းခဲ့တာကြောင့် ဒိုင်က ပင်နယ်တီ သတ်မှတ်ခဲ့ပါတယ်။

 အဲဒီပင်နယ်တီကို ရော်နယ်လ်ဒိုကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် အီရန် ဂိုးသမား အလီရက်ဇာ ဘီရန်ဗန်က ဆုံးဖြတ်ချက် မှန်မှန်နဲ့ ကာကွယ်သွားခဲ့ပါတယ်။

 ရော်နယ်လ်ဒိုလည်း အုပ်စုပွဲစဉ် သုံးခုစလုံး ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းနဲ့ ဂိုးသွင်းဘုရင် စာရင်းမှာ ထိပ်ဆုံးကို ပြန်တက်လာနိုင်မယ့် အခွင့်အရေးတွေကို ဆုံးရှုံးလိုက်ရပါတယ်။

ပေါ်တူဂီက ဘောလုံးပိုင်ဆိုင်မှုကို အသာစီးယူပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် အီရန်ကလည်း နောက်ပိုင်းမိနစ်တွေမှာ တိုက်ရိုက်ကျတဲ့ ဘောလုံးပေးပို့မှုတွေနဲ့ ပေါ်တူဂီဖက်ကို တိုက်စစ်ဆင်လာပါတယ်။

 ပြီးတော့ နှစ်သင်းစလုံးရဲ့ ကစားပုံ၊ ဘောလုံးဖျက်ထုတ်ပုံတွေလည်း ပိုကြမ်းလာပါတယ်။

မိနစ် ၉၀ ပြည့်ပြီး နာကျင်အပိုဆောင်းချိန် ၃ မိနစ် အရောက်မှာတော့ အီရန်ဖက်က ခေါင်းတိုက် ချပေးတဲ့ဘောလုံးဟာ ပေါ်တူဂီ နောက်ခံလူ ဆီဒရစ် ဆိုအာရက်စ်ရဲ့ လက်တည့်တည့်ကို ထိခဲ့တာကြောင့် ဒိုင်က ပင်နယ်တီ သတ်မှတ်ခဲ့ပါတယ်။

အဲဒီပင်နယ်တီကို အီရန်ကစားသမား ကာရင်မ် အန်ဆာရီဖတ်က အောင်အောင်မြင်မြင် ကန်သွင်းပြီး တစ်ဂိုးစီ သရေဖြစ်လာတယ်။

အားတက်လာတဲ့ အီရန်က နောက်ဆုံးမိနစ်တွေမှာ အစွမ်းကုန် ဖိကစားခဲ့ပြီး နောက်ထပ် ၁ မိနစ် အကြာမှာ ဧရိယာထဲကနေ အပိုင်ကန်ခွင့် ရလာတာကို မာဒီတာရီမီက ဂိုးပေါက်လွဲအောင် ဖြုန်းတီးလိုက်လို့သာ နာမည်ကြီး ပေါ်တူဂီ ရေတိမ်မနစ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ နှစ်သင်းစလုံး တစ်မှတ်စီနဲ့ ကျေနပ်ခဲ့ရပြီး ပေါ်တူဂီက ရှုံးထွက်အဆင့်ကို အုပ်စု ဒုတိယ နေရာကနေ တက်လှမ်းခဲ့ပါတယ်။ အီရန်ကတော့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အုပ်စုအဆင့်ကနေပဲ ပြိုင်ပွဲကို နှုတ်ဆက် ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ FIFA