VARနဲ့အတူ အေးစက် ပျောက်ကွယ်လာတဲ့ အငြင်းအခုံ ရသများ

မှန်ကန် မျှတမှုကို ကြိုဆိုမလား။ အမှားတချို့ စွန်းထင်းနေတဲ့ စိတ်လှုပ်ရှားမှုတွေကို ထွေးပွေ့မလား။ ဒီမေးခွန်း နှစ်ခုက VAR စနစ်ကို ကမ္ဘာ့ဖလားမှာ စတင် အသုံးပြုချိန်ကစလို့ ဘောလုံး ပရိသတ်တွေကို ဗျာများစေခဲ့တဲ့ ရွေးချယ်စရာတွေ ဖြစ်လာပါတယ်။

VAR လို့ခေါ်တဲ့ ဒိုင်တွေအတွက် ဗီဒီယို ထောက်ပံ့မှု နည်းပညာကို ကမ္ဘာ့ဖလား သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် လက်ရှိ ကျင်းပနေတဲ့ ရုရှားမြေက ပြိုင်ပွဲကြီးမှာ စတင်မိတ်ဆက် အသုံးပြုခဲ့ပါတယ်။ ဒီနည်းပညာရဲ့ အဓိက ရည်ရွယ်ချက်က ဘောလုံးပွဲတွေမှာ ဒိုင်လူကြီး ရှင်းရှင်းလင်းလင်း မမြင်လိုက်ရတဲ့ အငြင်းပွားစရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမှန်ကန်ဆုံး ရွေးချယ် ဆုံးဖြတ်နိုင်စေဖို့ ဖြစ်ပါတယ်။

VARဟာ လက်ရှိ အချိန်ထိ မူလ ရည်ရွယ်ချက်အတိုင်း အပြည့်အဝ အောင်မြင်နေပါတယ်။ ဒိုင်လူကြီးတွေ အနေနဲ့ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်သွားစေနိုင်လောက်တဲ့ ဝေဝေဝါးဝါး ပြဿနာတွေမှာ ဗီဒီယို နောက်ကြောင်းပြန်ကြည့်ပြီး အမှန်ကန်ဆုံး၊ အသင့်တော်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို အရမ်း တိကျနေတာကိုက VARအပေါ် ဝေဖန်စရာတွေ ဖြစ်လာပါတယ်။

VARကို ဆန့်ကျင်သူတွေက လူသားအဆန်ဆုံး အားကစားနည်း တစ်ခုမှာ နည်းပညာနဲ့ အဆုံးအဖြတ် ယူနေတာဟာ လုံးဝ အဓိပ္ပါယ် မရှိဘူးလို့ ထောက်ပြကြပါတယ်။ လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ အမှားတချို့ ရောစွက် ပါဝင်နေတာကိုက ဘောလုံးရဲ့ အဓိပ္ပါယ်ကို ပိုမိုလေးနက် အားကောင်းစေတယ်လို့ ယုံကြည်သူတွေ ဒုနဲ့ဒေးပါပဲ။ ပွဲတစ်ပွဲမှာ ဒိုင်ဆုံးဖြတ်ချက် အမှားတစ်ခုအကြောင်း တသသ ပြောနေရတာကိုက ဘောလုံးနဲ့ ဆက်နွှယ်တဲ့ အရသာ တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ VARစနစ် အသက်ဝင်လာချိန်မှာ ဒါမျိုး ထပ်မရှိနိုင်တော့ပါဘူး။ VARကြောင့် ဘောလုံးပွဲတွေဟာ စက်ရုပ် ဆန်လာပြီလို့ ဝေဖန်နေကြပါတယ်။

ဒီနေရာမှာ VARရဲ့ လုပ်ငန်းလည်ပတ်ပုံ အခြေခံ သဘောကို နည်းနည်း နားလည်ထားဖို့ လိုပါတယ်။ VAR စနစ်က အဓိက တာဝန်ယူတဲ့ အပိုင်းလေးခု ပါဝင်ပါတယ်။ အဲဒါတွေက ဂိုးဝင်မဝင် စောင့်ကြည့်တာ၊ ပင်နယ်တီ ဖြစ်သင့် မဖြစ်သင့် စောင့်ကြည့်တာ၊ တိုက်ရိုက်အနီကတ် ထိသင့်မထိသင့် စောင့်ကြည့်တာ၊ အငြင်းပွားစရာ အခြေအနေတွေကို ဆန်းစစ် စောင့်ကြည့်တာတွေပါ။ ကွင်းထဲမှာ ၃၆၀ ဒီဂရီ ပတ်ပတ်လည် နေရာစုံက ချိန်ထားတဲ့ HD အရည်အသွေးမြင့် ကင်မရာတွေဟာ အသေးမွှားဆုံး လှုပ်ရှားမှုလေး တစ်ခုကအစ မလွတ်တမ်း မှတ်တမ်းယူထားနိုင်ပါတယ်။

VARရဲ့ ရည်ရွယ်ချက်က ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားဖို့သာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် ချခြင်းကိုတော့ ကွင်းလယ်ဒိုင်ဆီမှာ အပြည့်အဝ အာဏာလွှဲအပ်ထားပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က VARဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေ ပိုပြီး ထိရောက် မှန်ကန်ဖို့ ထောက်ပံ့ရုံသာဖြစ်ပြီး ပွဲနဲ့ ပတ်သက်သမျှ ဆုံးဖြတ်ချက်ကို လူသားတွေကသာ တာဝန်ယူထားတာလို့ ကာကွယ် ပြောဆိုထားပါတယ်။ ဒိုင်လူကြီးက စိတ်ထဲမှာ ဇဝေဇဝဖြစ်ရင်၊ ဒါမှမဟုတ် အသင်းတစ်သင်းက အလေးအနက် တောင်းဆိုလာရင် ဗီဒီယို ပြန်ကြည့်ပါတယ်။ အဲဒီနောက်မှာ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ကောင်း ပြင်ဆင်မှာ ဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားမှာ VAR အဆုံးအဖြတ် ယူခဲ့တဲ့ ပွဲစဉ်တွေကို ကြည့်ရင် ဒိုင်တွေဟာ အဖြစ်သင့်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကြိုဆိုရမယ့် အချက်ပါ။ ဒါပေမဲ့ တခြားရှုထောင့် တစ်ခုလည်း ရှိပါသေးတယ်။ VAR မရှိခင်က ဒိုင်ဆုံးဖြတ်ချက် အမှားတစ်ခုကြောင့် ဘောလုံးအသင်း တစ်သင်းက နစ်နာသွားပေမယ့် ပြိုင်ဘက်ကတော့ သက်သာရာ ရသွားနိုင်ပါတယ်။ ဖြစ်ရပ်တွေက မြန်ဆန်လွန်းနေတတ်တဲ့ မော်ဒန် ဘောလုံးလောကမှာ သာမန် လူ့မျက်စိနဲ့ အကုန်လုံးကို ခြုံငုံ မြင်တွေ့နေဖို့ မဖြစ်နိုင်တာကြောင့် ဒိုင်က အမြင်မှား၊ ဆုံးဖြတ်ချက် အမှားတွေ ရှိနိုင်ပါတယ်။

အခု VARကို အသုံးပြုချိန်မှာတော့ ဆုံးဖြတ်ချက် ရလဒ်တွေက အရမ်းတိကျလာပါတယ်။ လူသားဆန်တဲ့ အမှားတွေကြောင့် ကောင်းကျိုး ခံစားရနိုင်တဲ့ အရိပ်အငွေ့တွေ လုံးဝ ပျောက်ဆုံးသွားပါပြီ။ စိတ်လှုပ်ရှားစရာတွေ၊ ငြင်းခုံစရာတွေလည်း မရှိတော့ပါဘူး။ ပွဲပြီးသွားတဲ့ အချိန်မှာ ငြင်းစရာ မကျန်တော့တဲ့ ဘောလုံးပွဲ တစ်ပွဲဟာ အလွယ်တကူပဲ မေ့ပျောက်သွားနိုင်ပါတယ်။

ဘရာဇီးနဲ့ ကော်စတာရီကာတို့ ကစားတဲ့ ပွဲစဉ်မှာ ဘရာဇီး တိုက်စစ်မှူး နေမာကို ဧရိယာထဲမှာ ကော်စတာရီက ခံစစ်မှူးက ဆွဲလှဲလိုက်တဲ့အတွက် ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကော်စတာရီကာဖက်က VAR ပြန်ကြည့်ပေးဖို့ တောင်းဆိုပြီး ဒိုင်ကလည်း လက်ခံခဲ့တယ်။ ဗီဒီယို အနှေးပြကွက်တွေမှာတော့ နေမာဟာ ခပ်ပျော့ပျော့ ထိတွေ့မှုလေး တစ်ခုမှာ မူယာမာယာသုံးပြီး လှဲချလိုက်ကြောင်း ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေပါတယ်။ ဒီတော့ ဒိုင်က သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ပြီး ပင်နယ်တီ မပေးတော့ပါဘူး။ ကိစ္စအားလုံး မှန်မှန်ကန်ကန်နဲ့ ပြီးဆုံးသွားပါတယ်။

ဒါပေမဲ့ VAR မရှိဘူးဆိုတဲ့ ရှုထောင့်က ပြန်စဉ်းစားကြည့်ရင် ဘရာဇီးဟာ သေချာပေါက် ပင်နယ်တီ ကန်ခွင့်ရပါမယ်။ အဲဒီပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ပွဲပြီးသွားတဲ့အခါ လူတိုင်းက ဒီပွဲအကြောင်း တသသ ပြောဆိုနေတော့မှာပါ။ နေမာကို မလိုလားသူတွေက သူဟာ မရိုးမသား ဒိုင်ဗင်ထိုးတဲ့သူလို့ စွပ်စွဲကြချိန်မှာ နေမာ ပရိသတ်ကလည်း သူတို့ တိုက်စစ်မှူးရဲ့ ပါးနပ်မှုအကြောင်း ဂုဏ်တင် ချီးကျူးနေပါမယ်။ ငြင်းခုံနေပါမယ်။ ပင်နယ်တီ ရသင့် မရသင့် စကားစစ်ထိုးနေကြပါမယ်။ ဒါတွေအားလုံး VARနဲ့အတူ လွင့်စင်သွားပါပြီ။ ဘရာဇီးနဲ့ ကော်စတာရီကာ ပွဲစဉ်အပြီးမှာ ပရိသတ်တွေအတွက် ပြန်ပြောနေစရာ ဘာမှ မကျန်တော့ပါဘူး။ အေးစက်စက်ကြီး ဖြစ်ကျန်ခဲ့ပါတယ်။

စပိန်နဲ့ အီရန် ပွဲစဉ်ဟာလည်း VARကြောင့် ရသပျက်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲပါ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ စုစည်းထားတဲ့ စပိန်ရဲ့ ဦးဆောင်ဂိုးကို ချေဖျက်ဖို့ အီရန်က ဒုတိယပိုင်းမှာ ဂိုးသွင်းခဲ့ပါတယ်။ အီရန် ကစားသမားတွေ အူလှိုက်သည်းလှိုက် အောင်ပွဲခံနေကြတဲ့ အချိန်မှာပဲ ကွင်းလယ်ဒိုင်က ဗီဒီယို ပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရလဒ်ကတော့ လူကျွံဘောလို့ သတ်မှတ်ပြီး အီရန်ရဲ့ သွင်းဂိုးကို ပယ်ဖျက်လိုက်ခြင်းပါပဲ။ VARသာ မရှိခဲ့ရင် ဒီဂိုးဟာ သေချာပေါက် ခွင့်ပြုခံရမှာပါ။ ဒါဆိုရင် စပိန်လို ဘောလုံးဘီလူးကြီးကို အာရှ အသင်းငယ်လေး အီရန်က ဘယ်လိုဘယ်ပုံ သရေရအောင် ကြိုးစား ကစားခဲ့တယ် ဆိုတာကို ပရိသတ်တွေ အာပေါင်အာရင်းသန်သန် ပြောဆိုခွင့် ရခဲ့မှာပါ။ စပိန် ပရိသတ်ကလည်း လူကျွံဘောကြောင့် သရေကျတာပါဆိုပြီး မချင့်မရဲ အကြောင်းပြနေပါလိမ့်မယ်။

VARကြောင့် နစ်နာခဲ့တဲ့ အီရန်နည်းပြ ကားလို့စ် ကွီရော့ဇ်ကတော့ ဒီနည်းပညာကို အပြစ်မတင်ဘဲ ဘောလုံးလောကကို ပိုခေတ်မီလာစေတဲ့ အပြောင်းအလဲ တစ်ခုလို့ပဲ မယုတ်မလွန် မှတ်ချက်ပေးသွားပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မကျေမချမ်း ဖြစ်နေမှာ သေချာပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဟာလည်း တူနီးရှားနဲ့ ပွဲစဉ်မှာ VAR အဆုံးအဖြတ်နဲ့ ပတ်သက်လို့ စိတ်ရှုပ်ထွေးမှုတွေ ခံစားခဲ့ရကြောင်း ဝေဖန်ခဲ့ပါသေးတယ်။

အနှစ်ချုပ် ပြောရရင်တော့ VARကြောင့် ဘောလုံးပွဲတွေမှာ ဒိုင်အဆုံးအဖြတ်တွေက ပိုတိကျ၊ ပိုမှန်ကန်လာပါတယ်။ ဒါဟာ ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ ပရိသတ်ရဲ့ စိတ်ခံစားချက်အပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိလာပါတယ်။ ဒါကလည်း အရှိအတိုင်း မဖြစ်မနေ လက်ခံထားရမယ့် ကိစ္စ ဖြစ်ပါတယ်။ VARကြောင့် ဘောလုံးပွဲတွေက စက်ရုပ်ဆန်လာပြီဆိုတဲ့ စွပ်စွဲချက်တွေက သိပ်တော့ မလွန်ပါဘူး။ လောလောဆယ်တော့ VARက အောင်မြင်နေပါတယ်။ ဘောလုံးပွဲတွေမှာ နည်းပညာ ထဲထဲဝင်ဝင် အသုံးပြုလာတဲ့ အခြေအနေသစ် တစ်ရပ်ကို ပရိသတ်တွေနဲ့ ကစားသမားတွေ အသားကျ လက်ခံလာဖို့ ဘယ်လောက်ထိ အချိန်ယူရဦးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။