ကမ္ဘာ့ဖလားပြိုင်ပွဲကကိုလူချောဘောလုံးကြယ်ပွင့်များ

ဇွန်-၁၉ ၊၂၀၁၈

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေ ဆိုတာက နိုင်ငံအလိုက် အတော်ဆုံး၊ ခြေစွမ်းအထက်ဆုံး ကစားသမားတွေကို စုစည်းထားတာ ဖြစ်ပါတယ်။ တချို့ကတော့ ကွင်းတွင်း စွမ်းဆောင်ရည် ထက်မြက်မှုအပြင် ရုပ်ရည် ချောမောမှုကြောင့်ပါ အမျိုးသမီး ပရိသတ် အားပေးမှုကို ပိုပြီး ခံယူရရှိတတ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်တွေထဲက ကိုလူချော ကစားသမားတွေကို အသင်းတစ်သင်းအဖြစ် အခုလို စိတ်ကူးယဉ် စုဖွဲ့ကြည့်နိုင်ပါတယ်။

အလီဆန် ဘက္ကာဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအဖြစ် ရှိနေတဲ့ ဘရာဇီး အသင်းရဲ့ ဦးစားပေး ဂိုးသမားပါ။ ထူထဲလှတဲ့ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေကြောင့်တော့ သူ့ရဲ့ ချောမောတည်ငြိမ်တဲ့ ရုပ်ရည်ကို မဖုံးကွယ်နိုင်ပါဘူး။ သူ့ရဲ့လက်က ဂိုးပေါက်ဆီ ခြိမ်းခြောက်လာတဲ့ ဘောလုံးတွေကို အမိအရ ဖမ်းယူပြနိုင်သလို သူ့ရဲ့ ရုပ်ရည်ကတော့ ဘရာဇီး ပျိုဖြူတွေရဲ့ နှလုံးသားကို ဆုပ်ကိုင်ဖမ်းယူနေနိုင်ပါတယ်။

ဒူဂျီ ကယ်လက်တာကားက ခရိုအေးရှား အသင်းမှာတော့ လူသစ် ကစားသမားလေး တစ်ယောက် ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ပဲ ရှိသေးတဲ့ လူချောလေးဟာ နည်းပြ ဇလက်ကို ဒါလီရဲ့ နံပါတ်တစ် ဦးစားပေး ခံစစ်မှူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်သင်းလုံးမှာ စန်းအပွင့်ဆုံး ကစားသမားတွေကို တန်းစီကြည့်ရင်တော့ ထိပ်ဆုံးနေရာက ပြေးမလွတ်မယ့်သူပါ။

ဂျာမန် ဝါရင့်ခံစစ်မှူး မတ်စ်ဟမ်မဲလ်စ်ကလည်း တည်ကြည် ခန့်ထည်တဲ့ ဥပဓိရုပ်ပိုင်ရှင် ဖြစ်ပါတယ်။ ဗဟိုခံစစ်သမားပီပီ အရပ်ကလည်း မြင့်ပါသေးတယ်။ ရုပ်ချောတဲ့အပြင် စိတ်ရင်းစေတနာလည်း ကောင်းမွန်တာကြောင့် ကမ္ဘာတလွှားက ဖိနှိပ်ခံ ကလေးငယ်တွေကို လစာငွေရဲ့ ၁ ရာခိုင်နှုန်း ပုံမှန်လှူဒါန်းတဲ့ ပထမဆုံး ဘောလုံးသမားတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပါတယ်။

ဗဟိုခံစစ် ကစားသမား ဖေဘီယန်ရှားဟာ Disneyရဲ့ စိတ်ကူးယဉ် ဇာတ်ကောင် မင်းသားလေး တစ်ပါးရဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတယ်လို့ ညွှန်းဆို ခံရသူပါ။ သူရယ်၊ ဂိုးသမား ယန်းဆိုမာရယ်က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းမှာ အချောဆုံး ဘောလုံးသမားတွေအဖြစ် ဆွစ်ဇာလန်သူတွေက အပြည့်အဝ ထောက်ခံချက် ပေးထားပါတယ်။

ဆာဘီးယား အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လူစာရင်းက ပျမ်းမျှအသက်အရွယ် ကြီးလွန်းတယ်လို့ ဝေဖန်ခံရပါတယ်။ ဒါပေမဲ့ ဖိလစ် ကော့စတစ် တစ်ယောက် ပါဝင်နေတာနဲ့တင် ဆာဘီးယား အမျိုးသမီး ပရိသတ်တွေကို ဘောလုံးပွဲ အားပေးဖြစ်အောင် ဆွဲဆောင်ဖို့ လုံလောက်နေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးလိုလိုရဲ့ အာရုံက ဆာဘီးယားရဲ့ ကွင်းလယ် ဘယ်ခြမ်းကိုပဲ စုပြုံ ကျရောက်နေမှာတော့ သေချာပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းကို ကိုယ်စားပြုနေတယ် ဆိုပေမယ့် နာဆာ ချက်ဒ်လီဟာ မော်ရိုကိုနွယ်ဖွား တစ်ယောက်ဖြစ်ပါတယ်။ ထူထဲတဲ့မျက်ခုံး၊ နက်မှောင်တဲ့ ဆံပင်တွေက သူ့ရဲ့ ယောက်ျားပီသတဲ့ မျက်နှာကို ပိုမို ကျော်လွန်အောင် အနားသတ်ပေးထားပါတယ်။ ချက်ဒ်လီဟာ အထူးတလည် လေ့ကျင့်ထားတဲ့ ကိုယ်ဟန်ပြ မော်ဒယ်လ် တစ်ယောက်လိုလည်း ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းတဲ့သူပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက အကျော်ကြားဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့တဲ့ ဟာမက်စ် ရိုဒရီဂတ်ဇ်ဟာ ဒီနှစ်ပြိုင်ပွဲမှာလည်း ကိုလံဘီယာ အသင်းကို ကိုယ်စားပြုခွင့် ရလာပြန်ပါတယ်။ နုနယ်ပြီး ကလေးတစ်ယောက်လို သိမ်မွေ့ ချောမောတဲ့ ဟာမက်စ်ဟာ ကိုလံဘီယာမှာတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါပဲ။

လီယွန်ဂိုရက်ဇ်ကာဟာ ဂျာမနီအတွက် အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ လူငယ် ခြေတက် ကွင်းလယ်ကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ တိုးတက်မှုကို ဂျာမန် ဘောလုံးလောကနဲ့ ဆက်စပ်သူ အားလုံးက မျှော်လင့်နေသလို သူနဲ့ တွဲခွင့်ရဖို့ မျှော်လင့်နေတဲ့ ဂျာမန် မိန်းမချောလေးတွေကလည်း အများကြီးပါပဲ။

ပြင်သစ်ရဲ့ အန်ထော်နီ ဂရိဇ်မန်းကလည်း ဆွဲဆောင်မှု ပြည့်ဝတဲ့ အမျိုးသား တစ်ယောက်ပါ။ သူက အရပ် ထောင်ထောင်မောင်းမောင်း ပုံစံမျိုးထဲကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးစွမ်းရည် မြင့်မားသလို ရုပ်ရည်ကလည်း မခေဘူးဆိုတာ အသိအမှတ် ပြုရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ အန်ဒရီဆေးလ်ဗားဟာ နာမည်အကြီးဆုံး တိုက်စစ်သမားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရည် ချောမောမှုချင်း ယှဉ်ရင်တော့ အသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ သူ့ကြားမှာ မိန်းကလေး ပရိသတ်တွေ ရွေးရ အရမ်းခက်လောက်မယ့် သွင်ပြင်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အားလုံး သိပြီးတဲ့အတိုင်း ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံး ဘောလုံးသမားလို့ ဆိုရပါမယ်။ ရုပ်ချောတယ်၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ လှပတယ်၊ ချမ်းသာတယ်။ ခြေစွမ်းကို ကြည့်ရင်လည်း လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ဖြစ်နေပြန်တယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အမျိုးသမီး ပရိသတ်ထု အများဆုံး ကျောထောက်နောက်ခံ ရရှိထားသူ ဖြစ်နေတာ သိပ်တော့ မဆန်းပါဘူး။