ကမ္ဘာ့ဖလားနဲ့ အံ့ဩစရာ လွဲချော်ခဲ့ကြတဲ့ နာမည်ကျော်များ

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မိခင်နိုင်ငံ အသင်းအတွက် ခြေစွမ်းပြဖို့ ဆိုတာဟာ ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းရဲ့ အိပ်မက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

 ဘောလုံးရာသီ တစ်ခု ကုန်ဆုံးချိန်မှာ ကျင်းပတဲ့ ပြိုင်ပွဲကြီးအတွက် အသင်းတစ်သင်းကို ကစားသမား ၂၃ ဦးစီပဲ ကိုယ်စားပြုခွင့် ရကြတာ ဖြစ်ပါတယ်။ ဒီတော့ နည်းပြရဲ့ ယုံကြည် ကိုးစားမှုကို ရဖို့အတွက် ဘောလုံးသမားတွေက တစ်နှစ်လုံး အားထည့် ကြိုးစားကြရပါတယ်။

တချို့ကျတော့လည်း ပုံစံကောင်းကို တည်ဆောက်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲနီးမှ ဒဏ်ရာရသွားလို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်ရတာတွေ ရှိပါတယ်။

 ပိုပြီး ရင်နာစရာ ကောင်းတဲ့သူတွေကတော့ ခြေစွမ်းလည်းထက်၊ ဒဏ်ရာလည်း ကင်းစင်နေပါလျက်နဲ့ နည်းပြတွေရဲ့ ပုဂ္ဂိုလ်ရေး အမြင်ကြောင့်ဖြစ်စေ၊ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ ကမ္ဘာ့ဖလား လူစာရင်းမှာ ထည့်သွင်း ရွေးချယ်မသွားတဲ့ ကမ္ဘာကျော် ကစားသမားတွေပါပဲ။

 ဒီနှစ် ပြိုင်ပွဲမှာလည်း ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေ ကိုယ်တိုင် အံ့ဩသွားရလောက်အောင် ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ ကမ္ဘာကျော် ကစားသမားတွေ ရှိခဲ့ကြပါတယ်။

အဲဒီထဲကမှ နာမည်ကြီး တချို့ကို ရွေးထုတ် ဖော်ပြသွားပါမယ်။

လီရွိုင်ဆာနေးဟာ ဂျာမနီရဲ့ ပဏာမအဆင့် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အပြီးသတ် ၂၃ ဦး ရွေးချယ်ချိန်မှာတော့ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။ သူဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအတွက် တစ်ရာသီလုံး ခြေစွမ်းပြ ကစားပေးပြီး ပီအက်ဖ်အေ အကောင်းဆုံး လူငယ်ကစားသမား ဆုကိုတောင် ဆွတ်ခူးထားနိုင်သူပါ။

 ဂျာမနီ လူစာရင်းမှာ သူမပါလာတော့ ဘောလုံးပရိသတ် အားလုံး အံ့ဩ မင်သက်ခဲ့ကြပါတယ်။ အခုရွေးချယ်မှုနဲ့ ပတ်သက်ပြီး နည်းပြ ဂျိုအာချင်မ်လိုမှာလည်း သူ့အမြင်နဲ့သူတော့ ရှိမှာပါ။

နောက်ထပ် ဂျာမန် လက်ရွေးစင် တစ်ယောက်ဖြစ်တဲ့ ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ် ကစားသမား မာရီယို ဂေါ့ဇီရဲ့ အဖြစ်ကတော့ ပိုတောင် ဆိုးပါသေးတယ်။

သူဟာ ဂျာမနီရဲ့ ပဏာမ လူစာရင်းမှာတောင် မပါခဲ့ရှာပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်း ဗိုလ်စွဲစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို ဗိုလ်လုပွဲမှာ သွင်းယူခဲ့သူက ဂေါ့ဇီပါပဲ။ သူဟာ အသက် ၂၆ နှစ်သာ ရှိသေးပေမယ့် ဂျာမနီအတွက် ၆၃ ပွဲ ကစားပေးပြီးတဲ့ထိ နိုင်ငံတကာ အတွေ့အကြုံတွေ ကြွယ်ဝ ရင့်ကျက်နေသူ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ တစ်ရာသီလုံး ခြေစွမ်းတည်တည်ငြိမ်ငြိမ် ဖြတ်သန်းခဲ့ပြီး ကြံ့ခိုင်မှုပိုင်းမှာလည်း အပြည့်အဝ ကောင်းမွန်နေပေမယ့် နောက်ခံလူ ဟက်တာ ဘယ်လာရင်ဟာ စပိန် လက်ရွေးစင် လူစာရင်းကနေ ချန်လှပ် ခံခဲ့ရပါတယ်။

 ဘယ်လာရင်ကို ချန်လှပ်ခဲ့တဲ့ စပိန်နည်းပြရဲ့ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဆိုတာထက် တခြား ပိုကောင်းတဲ့ ရွေးချယ်စရာ ကစားသမားတွေ ရှိနေတာကြောင့်လို့ ဆိုရမှာပါ။

ဘယ်လာရင်လိုပဲ စပိန်လက်ရွေးစင် မာကို အလွန်ဆိုဟာလည်း စပိန်လူစာရင်းမှာ မပါခဲ့ပါဘူး။

ချယ်လ်ဆီးရဲ့ ဘယ်တောင်ပံမှာ ခံစစ်ရော၊ တိုက်စစ်ပါ မမောနိုင်၊ မပန်းနိုင် လွန်းထိုး ပြေးလွှား ကစားလေ့ရှိသလို တည်ကန်ဘောတွေကနေ လှပတဲ့ ဂိုးတွေ သွင်းယူပြတတ်တဲ့ အလွန်ဆိုရဲ့ အားထုတ်မှုတွေဟာ စပိန်နည်းပြ ဂျူလန် လိုပီတီဂူရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။

အလွန်ဆိုရဲ့ ချယ်လ်ဆီးနဲ့ စပိန်အသင်းဖော် အယ်လ်ဗာရို မိုရာတာဟာလည်း ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ရတဲ့ နောက်ထပ် နာမည်ကျော် တစ်ယောက်ပါ။ ရီးရဲလ်မက်ဒရစ်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာတဲ့ စပ်ကူးမတ်ကူး ကာလမှာ စွမ်းဆောင်ရည်ပိုင်း မတည်ငြိမ်တဲ့ ဒဏ်တွေက မိုရာတာရဲ့ လက်ရွေးစင် ဘဝကို ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် စပိန်လို ကစားသမား အင်အား ကြွယ်ဝလွန်းတဲ့ ထိပ်တန်း ဘောလုံးနိုင်ငံ တစ်ခုကိုသာ ကိုယ်စားမပြုခဲ့ရင် မိုရာတာဟာ သေချာပေါက် အရွေးခံရမယ့် အဆင့်မျိုးမှာ ရှိနေဆဲပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အန်သိုနီ မာစီရယ်လ်ဟာလည်း ကမ္ဘာ့ဖလားအတွက် လေးလေးနက်နက် မျှော်လင့် ပြင်ဆင်ထားခဲ့ပေမယ့် ပြင်သစ်နည်းပြ ဒီဒီရာ ဒက်စ်ရွှမ့်ရဲ့ မျက်ကွယ်ပြုမှုကို ခံခဲ့ရပါတယ်။

ယူနိုက်တက်ရဲ့ ဘယ်တောင်ပံ တိုက်စစ်မှာ အလက်ဆစ် ဆန်းချက်ဇ်နဲ့ နေရာလု ယှဉ်ပြိုင်ရပြီး ပွဲထွက်ခွင့် လျော့သွားတဲ့ အခြေအနေတွေကြောင့် ဒက်စ်ရွှမ့်က မာစီရယ်လ်ထက် ပွဲများများ ပိုကစားထားတဲ့ သူတွေကို ဦးစားပေး ရွေးချယ်သွားပါတယ်။

ပိုပြီး အံ့ဩဖို့ ကောင်းတာက တခြား မန်ချက်စတာ အခြေစိုက် အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ခံစစ်မှူး အေမာရစ် လာပေါ့တ်လည်း ပြင်သစ် လက်ရွေးစင် အသင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲမှာ ပါဝင် ကူညီခဲ့သလို ခြေစွမ်းအရလည်း တည်ငြိမ် ရင့်ကျက်မှုတွေကို ပြသနေပေမယ့် လာပေါ့တ်အစား ဝါရင့် ကစားသမား အဒီလ်ရာမီကိုပဲ နည်းပြ ဒက်စ်ရွှမ့်က ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားပါတယ်။

နာမည်ကြီး အာဂျင်တီးနား အသင်းဆီကို မျှော်ကြည့်ရင်တော့ အင်တာမီလန် တိုက်စစ်မှူး မာကို အီကာဒီ ချန်လှပ်ခံရခြင်းက တကယ့်ကို မင်သက်စရာ ဖြစ်ခဲ့ပါတယ်။

 အီတလီ စီးရီးအေမှာ ထူးထူးကဲကဲ ခြေစွမ်းပြနေပြီး ထိပ်တန်း ကလပ်တွေက အလုအယက် လိုချင်နေတဲ့ ကစားသမားမျိုးကို နည်းပြ ဂျော့ဂ်ျ ဆမ်ပေါ်လီက မျက်ကွယ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း တိုက်စစ်မြားဦး နေရာမှာ အီကာဒီထက် ပိုပြီး ဝါရင့်တဲ့ ဆာဂျီယို အဂွဲရိုးနဲ့ ဂွန်ဇာလို ဟီဂူရင်းတို့ကို နေရာပေးချင်တဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။

ဗလန်စီယာ အသင်းကနေ အီတလီကလပ် လာဇီယိုကို အငှားသွားကစားနေတဲ့ ပေါ်တူဂီ တောင်ပံ တိုက်စစ်မှူး လူးဝစ် နာနီလည်း ကမ္ဘာ့ဖလားနဲ့ လွဲခဲ့တဲ့ နာမည်ကျော်တွေ စာရင်းမှာ ဝင်တန်းစီခဲ့ပါတယ်။

 သူဟာ နည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့ ၃၅ ဦး ပဏာမ စာရင်းမှာ ပါဝင်ခဲ့ပေမယ့် အပြီးသတ် ၂၃ ဦး ရွေးချယ်ချိန်မှာတော့ ပြုတ်ကျန်ခဲ့ပါတယ်။

 ဒါကြောင့် ရုရှားမြေမှာ နာနီရဲ့ သေသပ်တဲ့ အဝေးကန်ချက်တွေနဲ့ မြန်နှုန်းမြင့် ယိမ်းနွဲ့ လိမ်ခေါက် ကစားပုံတွေကို တွေ့မြင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဘယ်လ်ဂျီယံ နည်းပြ ရောဘတ်တို မာတီနက်ဇ်ကတော့ ပရိသတ်တွေ အံ့ဩ စိတ်ပျက်စေလောက်မယ့် ဆုံးဖြတ်ချက် တစ်ခုအဖြစ် ရက်ဂျာ နိုင်ဂိုလန်ကို လက်ရွေးစင် လူစာရင်းကနေ ချန်လှပ်သွားခဲ့ပါတယ်။

 နိုင်ဂိုလန်ဟာ ရိုးမား အသင်းနဲ့အတူ အီတလီ စီးရီးအေမှာရော၊ ဥရောပ ချန်ပီယံလိဂ်မှာပါ တစ်ရာသီလုံး ခြေစွမ်း ထက်ထက်မြက်မြက် ကစားပြနေခဲ့သူပါ။

 ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် မရမှန်း သေချာသွားချိန်မှာ အရမ်း စိတ်ထိခိုက်သွားတဲ့ နိုင်ဂိုလန်တစ်ယောက် လက်ရွေးစင် ကစားသမား ဘဝကပါ အနားယူသွားခဲ့ပါတယ်။

ဘောလုံးဘုရင်လို့ တင်စားခံရတဲ့ ဘရာဇီး လက်ရွေးစင် အသင်းဟာလည်း ကစားသမားကောင်း တချို့ကို လူစာရင်းကနေ ဖြုတ်ချခဲ့ရပါတယ်။ အထင်ရှားဆုံးကတော့ အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ် အသင်းရဲ့ အဓိက အားအကိုးရဆုံး ကစားသမား တစ်ယောက်ဖြစ်တဲ့ အလက် ဆန်ဒရိုပါပဲ။

သူ့ရဲ့ ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်လို ကမ္ဘာကျော် ကလပ်အသင်းကြီးတောင် အသည်းအသန် အလိုရှိနေတာပါ။

ဒါပေမဲ့ နည်းပြ တစ်တီရဲ့ အသင်းမှာတော့ ဘယ်ခြမ်း ခံစစ်သမားတွေအဖြစ် မာဆယ်လိုနဲ့ ဖိလစ်ပီ လူးဝစ်တို့ ရှိနေပြီ ဖြစ်တာကြောင့် ဆန်ဒရိုကို ဖြုတ်ချထားခဲ့ပါတယ်။