အစားအသောက်တွေ ဘေးကင်းဖို့ FDA ဘာတွေလုပ်ဖို့ရှိလဲ

Fri, 2017-05-19 16:06 -- zaythu
လာမယ့် ဇူလိုင် ၁ ရက်က စပြီး ပြည်တွင်းစားသောက်ကုန်တွေမှာ အမှတ်တံဆိပ်သတ်မှတ်ချက် တွေကိုဖော်ပြပြီးရောင်းချရတော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန(FDA)က သတ်မှတ်ထားတဲ့ အချက်တွေဖြစ်တဲ့ အမှတ်တံဆိပ်၊ ထုတ်လုပ်တဲ့လိပ်စာ၊ ဖုန်းနံပါတ်၊ သက်တမ်းကုန်ဆုံးရက်၊ ထောက်ခံချက်အမှတ်နဲ့ ပါဝင်ပစ္စည်းစတဲ့ အချက်တွေကို ထုတ်လုပ်တဲ့ အစားသောက်တွေမှာ ဖော်ပြပေးရမှာဖြစ်ပါတယ်။
 
သတ်မှတ်ထားတဲ့ အချက်တွေ မဖော်ပြဘဲ ရောင်းချနေတာကို တွေ့ရှိပါက ဈေးကွက်ကနေ ဥပဒေအရ တရားဝင်သိမ်းဆည်းသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ စီမံကိန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။ အစားအသောက် ဘေးကင်းလုံခြုံမှုထိန်းချုပ်ဖို့ အတွက် အစားအသောက်ခြေရာခံ စနစ်က အရေးကြီးတာကြောင့် အခုလို စားသောက်ကုန်တွေမှာ အမှတ်တံဆိပ် သတ်မှတ်ချက်တွေ ဖော်ပြဖို့လုပ်ဆောင်တာဖြစ်တယ်လို့သိရပါတယ်။ အမှတ်တံဆိပ် သတ်မှတ်ချက်တွေ မဖော်ပြတဲ့ စားသောက်ကုန်ထုတ်လုပ်သူတွေကို အမျိုးသား အစားအသောက် ဥပဒေအရ ကျူးလွန်မှုပုံစံပေါ်မူတည်ပြီး ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ အရေးယူသွားမှာဖြစ်ပါတယ်။
 
အမှတ်တံဆိပ် သတ်မှတ်ချက်တွေ ဖော်ပြတာနဲ့ပတ်သက်ပြီး ၂၀၁၇ မတ်လကုန်နောက်ဆုံးထား ဖော်ပြဆောင်ရွက်ဖို့နဲ့ မလိုက်နာပါက ဥပဒေအရ စိစစ်အရေးယူမည်ဖြစ်ကြောင်း အသိပေးကြေညာချက်ကို ဖေဖော်ဝါရီ ၈ရက်မှာ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် လုပ်ငန်းရှင်တွေက အချိန်သုံးလ နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ရာမှ လာမယ့် ဇူလိုင် တစ်ရက်မှာအချိန်သုံးလ ပြည့်တာကြောင့်စတင် အရေးယူတော့မှာဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Friday, May 19, 2017