ရွှေဘုံသာကအဟောင်းတန်း ကမ်းနားညဈေးတန်းကို ပြောင်းရမယ်

Fri, 2017-05-19 15:06 -- zaythu
ရွှေဘုံသာလမ်းမှာရှိတဲ့ အဟောင်းပစ္စည်းရောင်းဈေးတန်းကို အခုလကုန်ကစပြီး ကမ်းနားလမ်းညဈေးတန်းကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အဲဒီ့အဟောင်းပစ္စည်းဈေးတန်းမှာ ရောင်းချနေသူတွေက ဆူးလေဘုရားလမ်းနဲ့ ပန်းဆိုးတန်းလမ်းကြားက
ကမ်းနားလမ်း ညဈေးကိုပြောင်းရွှေ့ရမယ်လို့ သိရပါတယ်။ အဲဒီ့ကိုပြောင်းရွှေ့ရောင်းချလိုသူတွေက ပန်းဘဲတန်းမြို့နယ် စည်ပင်ရုံးမှာ သွားရောက်စုံစမ်းနိုင်တယ်လို့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
 
ကမ်းနားလမ်း ညဈေးတန်းစဖွင့်ကတည်းက အဲဒီ့ဈေးတန်းမှာ ဈေးရောင်းချသူတွေကိုပါ စာရင်းကောက်ယူထားတာဖြစ်ပေမယ့် အစားအသောက်နဲ့ အသီးရောင်းချသူတွေကိုပဲ နေရာချထားပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအဟောင်းပစ္စည်းဈေးတန်းမှာ ဈေးရောင်းချသူနှစ်ရာကျော်ရှိပြီး နေ့စဉ် ညနေ၃နာရီကနေ ည၉နာရီအထိရောင်းချနေကြတာပါ။ ရွှေဘုံသာလမ်းက အဟောင်းပစ္စည်းရောင်းဈေးတန်းက နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး အဲဒီ့မှာဈေးရောင်းချသူတွေက အခွန်အကောက်လည်း ပေးဆောင်ရတာမရှိဘူးလို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်
Friday, May 19, 2017