7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Wed, 2017-04-12 19:06 -- zaythu

(၁) အကျဉ်းသား ၁၈၀၀ ကျော်ကို လျှော့ရက်နဲ့ လွှတ်ပေး
 
မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလ မတိုင်မီ အကျဉ်းထောင်စခန်း အသီးသီးမှ စည်းကမ်းလိုက်နာသူ၊ ကောင်းမွန်စွာနေထိုင်သူတွေကို အထူးလျော့ရက်နဲ့ပြန်လွှတ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
 
အခုနှစ်မှာတော့ အကျဉ်းထောင်စခန်း အသီးသီးက  အကျဉ်းသား ၁၆၅၀ဦး နဲ့ အကျဉ်းသူ ၂၃၃ ဦးတို့ကို ပြန်လွှတ်ပေးခဲ့တာပါ။
 
နိုင်ငံတော် အစိုးရ အနေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်ကျခံနေစဉ် စည်းကမ်းလိုက်နာမှု၊ ကောင်းမွန်စွာ နေထိုင်မှုတို့အပေါ် အခြေခံပြီး အကျဉ်းထောင် လက်စွဲနည်းဥပဒေ အပိုဒ် ၈၄၇ နဲ့ ၈၄၈ တို့အရ အထူးလျော့ရက်တွေ ခံစားခွင့်ပြုပေးလျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလိုပြန်လွှတ်ပေးရတာဟာ အကျဉ်းသား အကျဉ်းသူတွေကို နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘ၀သစ် စတင်နိုင်စေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားတာပါ။
 
ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလမတိုင်မီကလည်း  အကျဉ်းသား အကျဉ်းသူပေါင်း ၂၂၈၃ ဦးကို အထူးလျှော့ရက်နဲ့ ပြန်လည်လွှတ်ပေးမှုတွေရှိခဲ့တာပဲ ဖြစ်ပါတယ်။
 
(၂) ယာဉ်လိုင်း ၂၀ ရှိတဲ့ ကုမ္ပဏီက ယာဉ်စီးရေ ၃၀၀ ကျော်နဲ့ သင်္ကြန်မှာ ပြေးဆွဲမယ်
 
YBS ယာဉ်လိုင်းပေါင်း (၂၀) ရှိတဲ့ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YUPT) က သင်္ကြန်ကာလ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ ယာဉ်အစီးရေ (၃၀၀) ကျော်နဲ့ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
 
မနက် (၆) နာရီကနေ ညနေ (၆) နာရီ အထိပြေးဆွဲပေးမှာဖြစ်ပြီး ယာဉ်စီးခအနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က သတ်မှတ်ပေးထားတဲ့နှုန်းထားအတိုင်း ကောက်ခံ ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ YUPT ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးမောင်မောင်လွင်က ပြောပါတယ်။
 
သင်္ကြန်ကာလအတွင်း ညနေပိုင်းတွေမှာ စီးနင်းသူနည်းပါးပြီး လူအများစုက မြို့လယ်မှာပဲ များပြားနေတတ်တဲ့ အတွက် အရင်နှစ်တွေက ပြေးဆွဲတဲ့ အချိန်ပုံစံအတိုင်းပြေးဆွဲပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
ဒီပြေးဆွဲမှုပုံစံကို သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ယာဉ်စီးရေ ၃၀၀ နဲ့ ပြေးဆွဲမှာ ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာတော့ ပုံမှန်ပြေးဆွဲနေကျအချိန်နဲ့ ပုံမှန်ယာဉ် အစီးရေတွေအတိုင်း ပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်။
 
သင်္ကြန်ကာလအတွင်း သတ်မှတ်ယာဉ်စီးခထက် ပိုမိုတောင်းခံမှုတွေရှိရင်လည်း တိုင်ကြားနိုင်ပြီး အရေးယူမှုတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေနဲ့ YBS စနစ်မှာ ပါဝင်ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေကို သင်္ကြန်ကာလအတွင်း ပုံမှန်ပြေးဆွဲနေတဲ့ ယာဉ်အစီးရေရဲ့ (၂၀) ရာခိုင်နှုန်းပမာဏနဲ့ ပြေးဆွဲပေးဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
 
 
(၃) မန္တလေးလမ်းလျောက်သင်္ကြန် မုခ်ဦး ပြင်လည်ပြင်ဆင်
 
မန္တလေးမြို့ ကျူံးတောင်ဘက်မှာ ကျင်းပပြုလုပ်မယ့် လမ်းလျောက်သင်္ကြန် အ၀င်မုခ်ဦးကို မြန်မာမှု ဗိသုကာ စံနှုန်းများနှင့်အညီ ဧပြီ ၁၂ရက်က ပြင်ဆင်ပြီးစီးခဲ့ပါတယ်။
 
မြို့အ၀င် မုခ်ဦး၊ ဘုံငါးဆင့်ပြဿဒ်များမှာ မြန်မာမှု ဗိသုကာစံနှုန်းများနှင့်အညီ ပြန်လည်ပြုပြင်ပြီး ပြင်ဆင်ရေးမှာ  ဗိသုကာပညာရှင် တမ္ပ၀တီ ဦးဝင်းမောင်၊ ပန်ချီဆရာကြီး ဦးခင်မောင်စန်းတို့က ပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။
 
ပထမ တည်ဆောက်သူတွေဟာ ရန်ကုန်က ပညာရှင်တွေ ဖြစ်ပြီး အခြား အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး  အဆင်ပြေမှုတွေရှိပေမယ့်  မြန်မာမှု ပြဿဒ်ပိုင်းနှင့် ဘုံပိုင်းဆိုင်ရာတို့မှာ ကျွမ်းကျင်မှု မရှိလို့  ပြင်ဆင်ရတာ ဖြစ်တယ်လို့ ဆရာ ဆူးငှက်က ပြောပါတယ်။
 
လမ်းလျောက်သင်္ကြန် အ၀င်မုခ်ဦးကို မြို့ခံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် ဧပြီ ၁၁ရက်ကနေ စတင်ပြင်ဆင်ခဲ့ပြီး ဒီနေ့လယ်ပိုင်းက မြန်မာမှု ဗိသုကာ စံနှုန်းနဲ့အညီ ပြန်လည် ပြင်ဆင်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
 
(၄) ရခိုင်ရိုးရာသင်္ကြန်က  နံ့သာသွေးပွဲ
 
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနကနေ ကြီးမှူးကျင်းပတဲ့ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ရဲ့ ရခိုင်ရိုးရာနံ့သာသွေးပွဲတော် ကျင်းပနေခဲ့ ပါတယ်။
 
အခုလို ရခိုင်ရိုးရာနံ့သာသွေးပွဲတော် ကျင်းပလာတာ အခုနှစ်နဲ့ဆို ၁၄ ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး၊ နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် ကျင်းပလာတာ ဖြစ်တယ်လို့ သိရပါတယ်။
 
နံ့သာသွေးပွဲကနေရရှိလာတဲ့ နံ့သာတွေကို မနက်ဖြန် မနက်ပိုင်းမှာတော့ ရခိုင်ဓမ္မာရုံမှာ ကိန်းဝပ်စံပယ်နေတဲ့ ဘုရားဆင်းတုတော်တွေကို အမွှေးနံ့သာတွေနဲ့ ပူဇော်သွားမှာပဲ ဖြစ်ပါတယ်။
 
နံ့သာသွေးပွဲကို အရင်နှစ်ထက် ပိုမိုစိတ်ဝင်စားလာကြတဲ့အတွက် ၀မ်းသာမိကြာင်းနဲ့ မနက်ဖြန်ကျရောက်မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာလည်း ရခိုင်တိုင်းရင်းသားတွေသာမက အခြားသော တိုင်းရင်းသားလူမျိုးတွေကို လာရောက်ရေအတူဆော့ကစားစေချင်တယ်လို့လည်း နံ့သာသွေးပွဲရဲ့ တာဝန်ခံက ပြောပါတယ်။
 
ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့ သုဝဏ္ဍကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး ရခိုင်ရိုးရာ လောင်းလှေနဲ့ ရေကစားသွားကြမယ်လို့လည်း သိရပါတယ်။

Wednesday, April 12, 2017

Top News