သေနတ်လေးချက်ပစ်ဖမ်းပေးမယ့် တရားခံက ကားမောင်းထွက်ပြေးသွား

Fri, 2017-02-17 13:52 -- zaythu
မနေ့ည ဖေဖော်ဝါရီ ၁၆ ရက်ညက တောင်ဒဂုံမြို့နယ်မှာ တရားခံတစ်ယောက်ကို ဖမ်းဆီးရာမှာ ပြန်ခုခံတာကြောင့် သေနတ်လေးချက်ပစ်ဖောက် ဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။ တောင်ဒဂုံမြို့နယ် ၂၄ ရပ်ကွက် လှေကားလမ်းမကြီးဘေးက ကားပစ္စည်း အရောင်းဆိုင် တစ်ဆိုင်ရှေ့မှာ ဖြစ်ခဲ့တာပါ။ တရားခံပြေးက မူးယစ်ဆေးဝါးမှု၊ နာကျင်စေမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပါတယ်။ အသက် ၃၅ နှစ် အရွယ် အဲဒီတရားခံပြေး နဂါးလေး ခေါ် အောင်နိုင်မြင့်ဟာ သူမောင်းလာတဲ့ ပါဂျဲဒိုးကားကို speaker box တပ်ဆင်ဖို့ ရောက်ရှိနေတာပါ။ သူရောက်ပြီး မိနစ်ပိုင်းလောက်မှာ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးလောက်ပါတဲ့ ရဲကား သုံးစီး ရောက်လာခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ နဂါးလေးကို နယ်မြေဆင်း ဖမ်းဆီးတဲ့ အဖွဲ့တွေက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။
 
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ
Friday, February 17, 2017

Top News