နယူးဇီလန်နိုင်ငံ၊ ခရစ္စချတ်ခ်ျမြို့ တောမီးကို မီးသတ်ဝန်ထမ်း ရာနဲ့ချီ ကြိုးစားငြှိမ်းသတ်နေ

Fri, 2017-02-17 13:51 -- zaythu

နယူးဇီလန်နိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ ခရစ္စချတ်ခ်ျ အနီးတဝိုက်မှာ အရှိန်အဟုန်ပြင်းပြင်း လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ မီးသတ်ဝန်ထမ်း ရာပေါင်းများစွာက ကြိုးစား အားထုတ်နေကြပါတယ်။ ခရစ္စချတ်ခ်ျမြို့ရဲ့ ပို့တ်ဟေးလ်စ် ခရိုင်မှာ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက တောမီးတွေ လျင်လျင်မြန်မြန် ပျံ့နှံ့ ကူးစက်ပြီး ဟက်တာပေါင်း ၁၈၀၀ လောက် မြေနေရာတွေကို ဝါးမြို ဖျက်ဆီးပစ်လိုက်ကြောင်း အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဌာနက ပြောပါတယ်။ အခုသီတင်းပတ်ကုန်မှာ လေကြောင်းပြောင်းလဲ တိုက်ခတ်ပြီး အပူချိန် လျော့ကျလာမယ်လို့ ခန့်မှန်းထားပြီး ဒီအခြေအနေက မီးကူးစက်မှုကို နှေးကွေးသွားစေဖို့ မီးသတ်တပ်ဖွဲ့က မျှော်လင့်ထားပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ခရစ္စချတ်ခ်ျ တောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်း မီးသတ် ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက လေယာဉ်မှူး သေဆုံးခဲ့တယ်လို့လည်း သိရှိရပါတယ်။

Friday, February 17, 2017