7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Wed, 2017-01-11 19:15 -- zaythu

(၁) အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးတာဝန် ပထမဆုံးအကြိမ်ခန့်အပ်
 
ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် သံအမတ်ကြီးဟောင်း ဦးသောင်းထွန်းကို နိုင်ငံတော် သမ္မတက ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။
 
ဦးသောင်းထွန်းဟာ တပ်မတော် အစိုးရ လက်ထက်က သံအမတ်ကြီး တာဝန်နဲ့ ဖိလစ်ပိုင်နိုင်ငံ၊ ဘယ်လ်ဂျီယန်နိုင်ငံ၊ နယ်သာလန်နိုင်ငံနဲ့ ဥရောပသမဂ္ဂတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလို့ သိရပါတယ်။
 
ဇန်နဝါရီ ၁၀ ရက် နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ထုတ်ပြန်ချက်မှာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ခန့်အပ်လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။
 
အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဟာ အရင်အစိုးရလက်ထက်တွေမှာ မရှိခဲ့ဖူးတဲ့ ရာထူးတာဝန်မျိုးဖြစ်ပါတယ်။ ပြီးတော့  ဒီရာထူးခန့်အပ်မှုဟာ ပြည်ထောင်စုဝန်ကြီး အဆင့် ခန့်အပ်မှု ဖြစ်ပါတယ်။
 
(၂) အိမ်ခြံမြေ အပိုရှိတဲ့လူတွေကိုကောက်မယ့် အခွန်အကောက် ဥပဒေ လွှတ်တော်တင်တော့မယ်
 
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ပိုင်ဆိုင်မှုတွေအပေါ် ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက်ဥပဒေကို လာမယ့် လွှတ်တော်မှာ တင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရရှိပါတယ်။
 
ဒီဥပဒေက လူတစ်ဦးဟာ နေအိမ် ခြံမြေ တိုက်ခန်းပိုင်ဆိုင်မှု တစ်ခုထက်ပိုနေရင် အခွန်ပေးဆောင် ရမယ့် ဥပဒေဖြစ်ပါတယ်။
 
အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းတွေကိုဝယ်ပြီး ဈေးကစားနေတာတွေကြောင့် ငွေကြေးဖောင်းပွနေတာတွေကို လျော့ချနိုင်ဖို့ အဲဒီပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကောက် ဥပဒေကို ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌက တွန်းအားပေး ရေးဆွဲစေတာာဖြစ်တယ်လို့ အဲဒီ ကော်မရှင်ရဲ့ ဒုဥက္ကဌဖြစ်သူ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးလက်ထက်ကလည်း အိမ်ခြံမြေ ဈေးနှုန်းကြီးမြင့်လာမှုကို ထိန်းနိုင်ရန် အခွန်အကောက် ဥပဒေများနဲ့ ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ အရောင်းအဝယ်လုပ်တဲ့ အခါမှာပေးရတဲ့ အခွန်ကို နှစ်တိုင်းနှုန်းပြောင်းကောက်ခံတာ၊ မြို့နယ်တွေအလိုက် အိမ်ခြံမြေ အခြေခံဈေးနှုန်းတွေ သတ်မှတ်တာတွေ လုပ်ခဲ့ပါတယ်။
 
လက်ရှိမှာတော့ အိမ်ခြံမြေ အရောင်းအဝယ်က အေးနေပြီး ဈေးကလည်း ငြိမ်နေတာ ဖြစ်ပါတယ်။
 
 
(၃) စက်ချွတ်ယွင်းသွားတဲ့ ရိုလာကိုစတာပေါ်က လူ ၂၀ ကို ကယ်တင်
 
ဩစတြေးလျ နိုင်ငံက အပန်းဖြေ ဥယျာဉ်တစ်ခုမှာ ရိုလာကိုစတာတစ်စင်း စက်ချွတ်ယွင်းပြီး ခရီးတဝက်မှာ ရပ်တန့်သွားခဲ့ပေမယ့် လိုက်ပါစီးနင်းသူ ၂၀ ကို ဘေးမသီရန်မခ ကယ်တင်နိုင်ခဲ့ပါတယ်။
 
ဇန်နဝါရီ ၁၁ ရက်က ဩစတြေးလျနိုင်ငံ၊ ဂိုးလ်ကို့စ်က အပန်းဖြေ ဥယျာဉ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီ ဥယျာဉ်မှာပဲ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက အပျော်စီးဖောင် မတော်တဆမှု တစ်ခုကြောင့် လူ ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။
 
ကွင်းစလန်း မီးသတ်ဌာနက ရိုလာကိုစတာနဲ့အတူ လေဟာနယ်ထဲမှာ ရပ်တန့်ပြီး ကြောက်လန့်နေရတဲ့ လိုက်ပါစီးနင်းသူ ၂၀ လောက်ကို တစ်ယောက်ချင်း ကယ်ဆယ်ပြီး အရေးပေါ် လှေကားကနေတဆင့် မြေပြင်ပေါ် ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က အတည်ပြုခဲ့ပါတယ်။
 
အဲဒီ အပန်းဖြေ ဥယျာဉ်ဟာ ဩစတြေးလျမှာ အထင်ရှားဆုံး အပန်းဖြေ နားနေဇုန်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာတုန်းက ဒီဥယျာဉ်ရဲ့ Dreamworldလို့ခေါ်တဲ့ မြစ်ရေစီးကြောင်းအတိုင်း အမြန်လိုက်ပါ စီးနင်းရတဲ့ ဖောင်တစ်ခုမှာ မတော်တဆမှု ဖြစ်ပွားပြီး လူ ၄ ယောက် သေဆုံးခဲ့ဖူးပါတယ်။ ဒါဟာ သမိုင်းတလျှောက် အပန်းဖြေ ဥယျာဉ်တွေမှာ အသေအပျောက် အများဆုံး မတော်တဆမှု အနေနဲ့ မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
 
ဇန်နဝါရီလ ၁၁ ရက် ဒီနေ့အတွက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းနဲ့ ရွှေဈေးတွေကိုလဲ ကြေညာပေးပါဦးမယ်။
 
အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကတော့ တစ်ဒေါ်လာကို ဝယ်ဈေး ၁၃၆၃ ကျပ်နဲ့ ရောင်းဈေး ၁၃၆၂ ကျပ်ရှိခဲ့တာ ဖြစ်ပါတယ်။
 
ရွှေဈေးကတော့ တစ်ကျပ်သားကို ၈၆၂၀၀၀ ကျပ်ဖြစ်ပါတယ်။

Wednesday, January 11, 2017