သားမက်ဖြစ်သူကို အိမ်ဖြူတော် ထိပ်တန်းအကြံပေးရာထူးအတွက် ထရမ့် ခန့်အပ်

Tue, 2017-01-10 19:16 -- zaythu

အမေရိကန် သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်က သားမက်ဖြစ်သူ ဂျာရတ်ကက်ရှ်နာကို အိမ်ဖြူတော် ထိပ်တန်း အကြံပေး တစ်ဦးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ် အရွယ်ရှိ ကက်ရှ်နာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှု အစီအစဉ်များအတွင်း အဓိက အရေးပါတဲ့ ကဏ္ဍမှာ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ပြည်တွင်းရေးရော၊ နိုင်ငံတကာရေးရာ ကဏ္ဍနဲ့ပါ အကျုံးဝင်တဲ့ အိမ်ဖြူတော် ထိပ်တန်း အကြံပေး ရာထူးကို ရရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ ကက်ရှ်နာဟာ ထရမ့် အလွန်အားကိုးတဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နဲ့ လက်ထပ်ထားပြီး အိမ်ခြံမြေ လုပ်ငန်းတွေကို ကွန်ရက်ကျယ်ပြန့်စွာ လုပ်ဆောင်နေတဲ့ စီးပွားရေးသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ကက်ရှ်နာဟာ ထရမ့်နည်းတူ စီးပွားရေး အလွန်အကွက်မြင်တဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး နယူးယောက်ရှိ ထရမ့်မျှော်စင် မိုးမျှော်တိုက်ကြီးနဲ့ ဘလောက်အနည်းငယ် အကွာမှာ ကိုယ်ပိုင် အထပ်မြင့် မိုးမျှော်တိုက်ကြီးတစ်ခု ပိုင်ဆိုင်ထားတာပါ။ ကက်ရှ်နာဟာ အသက် ၂၅ နှစ် အရွယ်ကတည်းက New York Observer သတင်းစာတိုက်ကို ဝယ်ယူ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Tuesday, January 10, 2017