7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Tue, 2017-01-10 19:08 -- zaythu

(၁) ယာဉ်ထိန်းကို ဓားနဲ့ ထိုးတဲ့ဆရာဝန်ကို အလုပ်နဲ့ ထောင် ၁၀ နှစ်ချ
 
တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲကို ဓားနဲ့ထိုးတဲ့ မန္တလေးက ဆရာဝန်ကို အလုပ်နဲ့ထောင် ၁၀ နှစ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
 
ဒီအမှုမှာ အားပေးကူညီသူအဖြစ် ပါဝင်တဲ့ ဆရာဝန်ရဲ့ ညီကိုတော့ ထောင် ၅ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
 
အမှုက ၂၀၁၅ ခုနှစ် စက်တင်ဘာတုန်းက မန္တလေးကျုံးအရှေ့ဘက်  ၁၉ လမ်းမီးပွိုင့်မှာ ဖြစ်ပွားခဲ့တာပါ။
 
အသတ်ခံရတဲ့ ယာဉ်ထိန်းရဲက အဲဒီမီးပွိုင့်မှာ တာဝန်ကျနေချိန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းစစ်ဆေးနေတုန်း  လိုင်စင်မပါဘဲ ဆိုင်ကယ်မောင်းလာတဲ့ ဆရာဝန်ရဲ့ ညီဖြစ်သူနဲ့ တားဆီးခဲ့တာပါ။
 
ယဉ်ထိန်းက ဒဏ်ကြေးဆောင်ဖို့ ဖြတ်ပိုင်းဖြတ်ရာကနေ အဆင်မပြေ စဖြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒါကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားက အကိုဖြစ်သူ ဆရာဝန်ကို ပြန်ခေါ်လာပြီး စကားများကြရာကနေ ဓားထိုးမှု ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
 
ဒါကြောင့် မန္တလးခရိုင်တရားရုံးက ယာဉ်ထိန်းကို ဓားနဲ့ ထိုးတဲ့ ဆရာဝန်ကို အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ်ချပြီး အမှုမှာ အားပေးကူညီသူအဖြစ် ညီဖြစ်သူကို အလုပ်နဲ့ ထောင် ၅ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
 
 
(၂) ဘတ်စ်ကားလိုင်းတွေ ပြောင်းလဲချိန်မှာ ခရီးသည်တွေကို ကူညီဖို့ စေတနာ့ဝန်ထမ်းတွေထားမယ်
 
လာမယ့် ၁၆ရက်က စပြီး ရန်ကုန်မှာ ပြောင်းလဲပြေးဆွဲမယ့် အများပိုင်ဘတ်စ်ကား စုပေါင်းပြေးစွဲမှု လမ်းကြောင်းတွေကို  ခရီးသည်တွေ သိရှိနိုင်ဖို့ စေတနာ့ဝန်ထမ်းတွေ တစ်ပတ်လောက် ထားရှိမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ပါတီဝင်တွေနဲ့ ပါဝင်ချင်တဲ့ ပြည်သူတွေကို စေတနာ့ဝန်ထမ်းတွေ အဖြစ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက သတ်မှတ်ဆောင်ရွက်ပေးဖို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေတ္တာရပ်ခံခဲ့တယ်လို့ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
 
ရန်ကုန်မြို့ရဲ့ အဓိက အများပြည်သူ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု စတင်မှာ ဖြစ်တာကြောင့် ဒီကိစ္စအပေါ် အားလုံး အာရုံစိုက်နေချိန်လည်း ဖြစ်ပါတယ်။

ဒီကနေ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေဟာ မကြာခင် စတင်တော့မယ့် ယာဉ်လမ်းကြောင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ တွေ့ဆုံခဲ့ကြတာပါ။
 
 
(၃) ဝါးကားမှောက်လို့ လူရော ဝါးတွေပါ ပေ ၁၅၀ ကျော်ချောက်ထဲပြုတ်ကျ
 
 
မကွေးကနေ နေပြည်တော်ကို မောင်းလာတဲ့ ဝါးကားတိမ်းမှောက်ပြီး ပေ ၁၅၀ ကျော်နက်တဲ့ ချောက်ထဲကို ဝါးတွေနဲ့ လူတွေပြုတ်ကျလို့ ၁၃ ဦးသဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
 
ဇန်န၀ါရီလ ၉ ရက် ည ၄ နာရီ ခွဲလောက်မှာ မှောက်ခဲ့တဲ့ အဲဒီယာဉ်မတော်တဆမှာ ကားပေါ်စီးနင်း လာသူ ၃၂ ယောက်ထဲက ၁၃ ယောက် သေဆုံးခဲ့တာပါ ။
 
အဲဒီ ခြောက်ဘီးကားက မိုင်တိုင် ၉ မိုင် ၅ ဖာလုံ အဆင်းကွေ့မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဆင်းမှာ ဂီယာအကြီး မချိန်းပဲ ဆင်းခဲ့လို့ဖြစ်တယ်လို့ ယာဉ်မှုစစ်ရဲအုပ်မောင်မောင်သိန်းက ပြောပါတယ်။  
 
သေဆုံးသူအများစုမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက မင်းကုန်းရွာနဲ့ သဲကျွန်းရွာသားတွေပါ။ မတော်တဆမှုဖြစ်ပြီးတဲ့နောက် အနီးနာမှာ ရှိနေတဲ့ ဒေသခံတွေက အသက်ရှင်နေသေးတဲ့ သူတွေရော အလောင်းတွေကိုပါ ၀ါးတွေကြားက ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရတယ်လို့ အဆိုပါရဲအုပ်က ပြောပါတယ်။
 
အဲဒီယာမတော်တဆဖြစ်စဉ်မှာ ဒဏ်ရာရသူတွေကို နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံမှာ တင်ထားပြီး ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားတယ်လို့ သတင်းရရှိပါတယ်။
 
 
(၄) သားမက်ဖြစ်သူကို အိမ်ဖြူတော် ထိပ်တန်းအကြံပေးရာထူးအတွက် ထရမ့် ခန့်အပ်
 
 
အမေရိကန် သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်က သားမက်ဖြစ်သူ ဂျာရတ်ကက်ရှ်နာကို အိမ်ဖြူတော် ထိပ်တန်း အကြံပေး တစ်ဦးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
 
အသက် ၃၅ နှစ် အရွယ်ရှိ ကက်ရှ်နာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဲဆွယ်မှု အစီအစဉ်တွေအတွင်း အဓိက အရေးပါတဲ့ ကဏ္ဍမှာ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ပြည်တွင်းရေးရော၊ နိုင်ငံတကာရေးရာ ကဏ္ဍနဲ့ပါ အကျုံးဝင်တဲ့ အိမ်ဖြူတော် ထိပ်တန်း အကြံပေး ရာထူးကို ရရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။
 
ကက်ရှ်နာဟာ ထရမ့် အလွန်အားကိုးတဲ့ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နဲ့ လက်ထပ်ထားပြီး အိမ်ခြံမြေ လုပ်ငန်းတွေကို ကွန်ရက်ကျယ်ပြန့်စွာ လုပ်ဆောင်နေတဲ့ စီးပွားရေးသမား တစ်ဦးလည်း ဖြစ်ပါတယ်။
 
ထရမ့်ရဲ့ အကြံပေးသစ် ခန့်အပ်တာကို ဒီမိုကရက်ပါတီ အမတ်တွေက ချက်ချင်း ကန့်ကွက်ပြီး ပြန်လည် သုံးသပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ ဆွေမျိုးကောင်းစားရေးဝါဒ တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနိုင်တယ်လို့ ထောက်ပြကြပြီး အငြင်းအခုံတွေ ပေါ်ပေါက်လာဖွယ် ရှိနေတာပါ။
 
နောက်ဆက်တွဲ အနေနဲ့ လွှတ်တော်က တရားရေး ဝန်ကြီးဌာနနဲ့ အစိုးရ ကျင့်ဝတ် ထိန်းကွပ်ရေးရုံးတို့ကို ကြားဝင်ကိုင်တွယ်ဖို့ တောင်းဆိုလာဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
 
ကက်ရှ်နာဟာ ထရမ့်နည်းတူ စီးပွားရေး အလွန်အကွက်မြင်တဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး နယူးယောက်ရှိ ထရမ့်မျှော်စင် မိုးမျှော်တိုက်ကြီးနဲ့ ဘလောက်အနည်းငယ် အကွာမှာ ကိုယ်ပိုင် အထပ်မြင့် မိုးမျှော်တိုက်ကြီးတစ်ခု ပိုင်ဆိုင်ထားတာပါ။
 
ကက်ရှ်နာဟာ အသက် ၂၅ နှစ် အရွယ်ကတည်းက New York Observer သတင်းစာတိုက်ကို ဝယ်ယူ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
 
 
 
ဇန်နဝါရီလ ၁၀ ရက် ဒီနေ့အတွက် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းနဲ့ ရွှေဈေးတွေကိုလဲ ကြေညာပေးပါဦးမယ်။
 
အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကတော့ ဒီနေ့မှာ ပြန်တက်လာခဲ့ပြီး တစ်ဒေါ်လာကို ဝယ်ဈေး ၁၃၆၅ ကျပ်နဲ့ ရောင်းဈေး ၁၃၆၆ ကျပ်ရှိခဲ့တာဖြစ်ပါတယ်။
 
မနေ့ကနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ တစ်ဒေါ်လာကို တစ်ဆယ်ကျပ်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဗဟိုဘဏ်ကတော့ တစ်ဒေါ်လာကို ၁၃၅၀ ကျပ်သတ်မှတ်ထားပါတယ်။
 
ရွှေဈေးကတော့ တစ်ကျပ်သားကို ရှစ်သိန်း ခြောက်သောင်း နှစ်ထောင် ကျပ်ဖြစ်ပါတယ်။
 
 
#7PM_News #7DayNews #7DayTV
 
(7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)

Tuesday, January 10, 2017