7DayTV ရဲ့7PMNews တိုက်ရိုက်ထုတ်လွှင့်မှု

Fri, 2018-07-20 20:34 -- Nwe Mon Phyo

ဇူလိုင်-၂၀ ၊ ၂၀၁၈

၁။ ရန်ကုန်မြို့တွင်းကလမ်းတွေမကောင်းတဲ့အကြောင်း ဝန်ကြီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်မြို့ကလမ်းတွေမကောင်းတာကိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အသိပေးလိုက်ပါတယ်။

ဒီကနေ့မနက်ပိုင်းက ကော့မူးကိုသွားရောက်ခဲ့ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သူမြင်တွေ့ခဲ့ရတဲ့လမ်းပန်းဆက်သွယ်ရေးအခြေအနေကို ပြောပြခဲ့တာပါ။

ကော့မူးကို ဝင်လာကတည်းက လမ်းတွေ ဘယ်လောက်ကောင်းတယ်ဆိုတာကို တွေ့ရတယ် ။ ရန်ကုန် တိုင်းအတွင်းက လမ်းတွေထက် ပိုကောင်းတယ် ။ ဒါကို ရှိနေတဲ့ ရန်ကုန်တိုင်းဝန်ကြီး ချုပ်ကို အသိပေး လိုပါတယ် ။ရန်ကုန်ကနေ လာတုန်းက လမ်းတွေ မကောင်းဘူး ။ ဒီဘက်ကျတော့ လမ်းတွေကောင်း တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ ။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်တိုင်း ကော့မူး မြို့နယ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ၂၀၁၅ရွေးကောက်ပွဲအပြီးကော့မူးမြို့နယ်ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာတာလဲဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မူးမှာရှိတဲ့ အောင်ဇဗ္ဗူ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို သွားရောက်ခဲ့ပါတယ် ။

အဲဒီနောက်မှာတော့ ဒေါ်ခင်ကြည် ဖောင်းဒေး ကဖွင့်လှစ်ထားတဲ့ ဟိုတယ်သင်တန်းကျောင်းကို သွားရောက်ပြီး သင်တန်းသူ ၊ သင်တန်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌလည်းဖြစ်ပါတယ် ။

၂။ဦးနှောက်နဲ့အာရုံကြောအထူးကုဆေးရုံသစ်ကြီးဂျပန်အကူအညီနဲ့ ရန်ကုန်မှာ တည်ဆောက်မယ်

မြန်မာ - ဂျပန်နှစ်နိုင်ငံအစိုးရပူးပေါင်းပြီး ဦးနှောက်နဲ့အာရုံကြော၊နှလုံးရောဂါအထူးကုဆေးရုံသစ်ကြီးကို လာမယ့်၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ တည်ဆောက်တော့မယ်လို့ သိရပါတယ်။

ဒီဆေးရုံသစ်ကြီးကိုဂျပန်-မြန်မာချစ်ကြည်ရေးစီမံချက်အနေနဲ့ဆောင်ရွက်မှာဖြစ်ပြီးတည်ဆောက်ရေးကာလကို တော့ နှစ်နှစ်သတ်မှတ်ထားပါတယ် ။

ဆေးရုံအဆောက်အဦးနဲ့ဆေးရုံသုံးပစ္စည်းတွေအတွက်ဂျပန်အစိုးရကယန်း၈ဒသမ၆၆၁ဘီလီယံထောက်ပံ့မှာဖြစ်ပြီးမြန်မာဘက်ကယန်း၃ ဒသမ ၅ဘီလီယံ စိုက်ထုတ်မှာဖြစ်ပါတယ်။

ဆေးရုံသစ်ကြီးဆောက်လုပ်ရေးစီမံချက်မိတ်ဆက်တဲ့အခမ်းအနားကို ဒီကနေ့ ဇူလိုင်လ(၂၀)ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပြုလုပ်ခဲ့ပါတယ်။

ဆေးရုံသစ်ကြီးကို၂၀၂၁ခုနှစ်မှာအပြီးသတ်တည်ဆောက်မှာဖြစ်ပြီးစက်ပစ္စည်းဝယ်ယူတပ်ဆင်တဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

ဒါ့အပြင်ဆေးရုံသစ်ကြီးဟာခုနစ်ထပ်အဆောက်အအုံဖြစ်ပြီးကုတင်သုံးရာဆံ့ဆေးရုံကြီးလည်းဖြစ်ပါတယ်။

တည်ဆောက်မယ့်နေရာကတော့ သူနာပြုတက္ကသိုလ်နဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးကြား မြေကွက်လပ်မှာတည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံသစ်ကြီး တည်ဆောက်ပြီးစီးပါကရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ နှလုံးရောဂါကုဌာနတွေနဲ့ ဦးနှောက်နဲ့အာရုံကြောရောဂါအထူးကုဌာနတွေကိုပြောင်းရွှေ့ဖွင့်လှစ်မှာဖြစ်တာကြောင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့နေရာကျပ်တည်းမှုနဲ့လူနာဦးရေများပြားမှုကိုလျော့ချနိုင်မှာဖြစ်တယ်လို့ဒေါက်တာမိုးခိုင်ကပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ ထောင့်ရှစ်ရာ န်းကျင်ရှိပြီး ပြင်ပလူနာတွေအနေနဲ့နေ့စဉ် ရှစ်ရာကနေ တစ်ထောင်ကြား လာရောက်နေတယ်လို့သိရပါတယ်။

၃။ လက်အောက်ဝန်ထမ်းအဂတိလိုက်စားတာကိုမသိဟန်ဆောင်တဲ့အထက်အရာရှိတွေအရေးယူခံရမယ်

ဝန်ကြီးဌာနတွေမှာ လက်အောက်က ဝန်ထမ်းတွေ အဂတိလိုက်စားတာရှိရင် မသိဟန်ဆောင်နေတဲ့ အထက်အရာရှိကြီးတွေ ကို အရေးယူမှုတွေပြုလုပ်မယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွှန့် ကဆိုလိုက်ပါတယ်။

အထက်အရာရှိကြီးတွေအနေနဲ့ ကိုယ်တိုင်အဂတိလိုက်စားမှုမရှိပေမယ့်လည်း ကြီကြပ်ကွပ်ကဲနိုင်မှု မရှိတာ ကြောင့် အဂတိလိုက်စားတဲ့သူတွေနဲ့ အတူ ပူးတွဲအရေးယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အကောက်ခွန်ဌာနက အရေးယူခံရသူတွေထဲမှာ အရာရှိသုံးဦးဟာ အဂတိလိုက်စား မှု မပြုလုပ်ပေမယ့် လက်အောက်က ဝန်ထမ်းအချို့ ပြုလုပ်တာကို သိနေရက်နဲ့ကြီးကြပ်ကွပ်ကဲမှု မရှိတဲ့ အတွက်တရားစွဲခံရတာဖြစ်တယ်လို့ ဦးဟန်ညွှန့်က ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က နောက်လာမယ့်အရေးယူဆောင်ရွက်မယ့် ကိစ္စတွေမှာ ဆိုရင် အဂတိလိုက်စားမှု ပြုလုပ်တဲ့ဝန်ထမ်းရဲ့ အထက် တဆင့် ဒါမှမဟုတ် နှစ်ဆင့်မြင့်တဲ့အရာရှိ တွေ အဆင့်ထိပါ အရေးယူတာတွေပြုလုပ်မယ်လို့လည်းသိရပါတယ်။

ကြီးကြပ်ကွပ်ကဲမှုနိုင်မှုမရှိလို့ တရားစွဲခံရပါက ကွပ်ကဲမှုအားနည်းကြောင်း ထင်ရှားရင် ထောင်ဒဏ် အထိ ကျ ခံနိုင်ရတယ်လို့ ဦးဟန်ညွှန့်က ပြောပါတယ်။

၎။ ဗဟိုအမျိုးသမီးဆေးရုံ အဆင့်မြင့် ငါးထပ်ဆောင် ဖွင့်ပြီ

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) မှာ ခွဲစိတ်ခန်း (၁၂) ခန်းပါဝင်တဲ့ အဆင့်မြင့်ငါးထပ်ဆောင်ကြီး ဒီကနေ့ ဇူလိုင် ၂၀ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

အဆောက်အအုံအတွက် ငွေကျပ်သန်းသုံးထောင့်ခြောက်ရာ ကျော်အသုံးပြုခဲ့ပြီး စက်ပစ္စည်းတွေအတွက် ကျပ် သန်းလေးရာကျော်သုံးစွဲခဲ့ရာ စုစုပေါင်း ငွေကျပ်သန်းလေးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

အခုလိုအဆင့်မြင့်ငါးထပ်ဆောင်သစ်ဖွင့်လှစ်လိုက်တာကြောင့် လူနာတွေကို အချိန်တိုအတွင်း ထိရောက်တဲ့ ကုသမှုတွေပေးနိုင်တော့မှာဖြစ်တယ်လို့ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)ရဲ့ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက် တာခင်ပြုံးကြည်က ပြောပါတယ်။

ငါးထပ်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက် တာမြင့်ထွေးက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဆင့်မြင့်ငါးထပ်ဆောင်မှာ မြေညီထပ်က အရေးပေါ်ဌာန၊ ဓာတ် မှန်ဌာန၊ သွေးဘဏ်၊ (၂၄)နာရီဓာတ်ခွဲဌာနနဲ့ ပိုးသန့်စင်ခန်းတို့ပါဝင်ပြီး ပထမထပ်မှာတော့ သားဖွားခန်း (၁၂) ခန်း၊ မမွေးမီနဲ့မွေးပြီး လူနာခန်းတွေ ပါဝင်ပါတယ်။

ဒုတိယထပ်မှာတော့ ICU၊ မေ့ဆေးဆရာဝန်ကြီးတွေနဲ့အခြားဆရာဝန်တွေအတွက် အခန်းတွေ၊ တတိယ ထပ်မှာတော့ ခွဲစိတ်ခန်း(၁၂)ခန်းပါဝင်တဲ့ (Operation Theater Complex)၊ Recovery ခန်းတွေနဲ့
စတုတ္ထ ထပ်မှာတော့သင်ကြားရေးဆောင်အခန်းတွေနဲ့ဆေးရုံအုပ်ကြီးရုံးခန်းတို့ပါဝင်တယ်လို့သိရပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)ဟာ ခုတင်(၈၀၀)ဆန့် ဗဟိုအဆင့်သားဖွားမီးယပ်ဆိုင်ရာ အထူးကုဆေး ရုံကြီးဖြစ်တဲ့အပြင် ဆေးတက္ကသိုလ်(၁)ရဲ့ သားဖွားမီးယပ်ပညာဆိုင်ရာ အဓိကသင်ကြားရေးဆေးရုံကြီး လည်းဖြစ်ပါတယ်။

ဒီအဆင့်မြင့်ငါးထပ်ဆောင်သစ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပါတယ်။

၅။ တစ်ပွဲကို ဒေါ်လာ ၁၅၀၀ တန်တဲ့ ရေခဲမုန့် နယူးယောက် ဟိုတယ်တစ်ခုမှာ ရောင်းချ

တစ်ပွဲကို ဒေါ်လာ ၁၅၀၀ တန်တဲ့ သီးစုံ ရေခဲမုန့် တစ်မျိုးကို နယူးယောက်မှာရှိတဲ့ ဟိုတစ်တစ်ခုက ရောင်းချနေပါတယ်။

Bear Extraordinaireလို့ နာမည်ပေးထားတဲ့ ရေခဲမုန့် အထူးပွဲတွေကို ဘာခါရတ် ဟိုတယ်က ဖန်တီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီရေခဲမုန့်တွေဟာ အရင်က ဟိုတယ်ရဲ့ ဈေးအကြီးဆုံးဖြစ်တဲ့ ဒေါ်လာ ၁၂၀၀ တန် Zoo Bear ရေခဲမုန့်ထက် ဈေးပိုများပါတယ်။

ဒီရေခဲမုန့်အတွက် အထူးစီမံထားတဲ့ ဗနီလာသစ်သီးကို အခြေခံ အသုံးပြုထားပါတယ်။ ပြီးတော့ အရည်အသွေးမြင့် ငှက်သိုက်ချောင်းတွေ၊ ချော့ကလက်နှစ်တွေ၊ ထောပတ်တွေနဲ့ သစ်သီးတချို့ကို ရောစပ်ထားပါတယ်။

ရေခဲမုန့် အသားချည်းပဲ ဒေါ်လာ ၃၀၀ လောက် တန်တယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။

ရေခဲမုန့်ကို လိပ်ပြာပုံလေးတွေနဲ့ အနားသတ် အလှဆင်ထားပြီး ရွှေရွက်၊ ငွေရွက်တွေနဲ့ပါ ဒီဇိုင်းဖော်ပေးထားပါတယ်။

ဒီရေခဲမုန့်ဟာ ဘာနဲ့မှ မတူနိုင်တဲ့ အရသာထူးကို ပေးလိမ့်မယ်လို့ ဟိုတယ် စားဖိုမှူးချုပ်က ညွှန်းဆိုခဲ့ပါတယ်။ ဒီရေခဲမုန့်ကို ဇွန်လလယ် ကတည်းက စရောင်းနေပေမယ့် မှာစားနိုင်သူ နည်းနည်းပဲ ရှိသေးတယ်လို့လည်း သိရပါတယ်။

၆။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လဖိအားနည်းရပ်ဝန်းမုန်တိုင်းငယ်အဖြစ်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာပဲဖြစ်ပါတယ် ။

Friday, July 20, 2018