ဂူထဲက လူငယ်တွေကို ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတဲ့ ရုပ်သံဖိုင်

Thu, 2018-07-12 14:25 -- Nwe Mon Phyo

ဇူလိုင် - ၁၁ ၊၂၀၁၈

ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ် ၁၃ ဦးကို ကယ်ထုတ်ခဲ့ရတဲ့ ရုပ်သံဖိုင်ကို ထိုင်းရေတပ်အထူးကွန်မန်ဒို အဖွဲ့က သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာဒီကနေ့ ညနေပိုင်းကထုတ်ပြန်လိုက်ပါတယ် ။

မြန်မာနဲ့ နယ်စပ်အနီး မယ်ဆိုင်က သဘာဝ ရေဝင်ဂူထဲမှာ ဇွန်လ ၂၃ ရက် ကတည်းက လမ်းပျောက်ပြီး ပိတ်မိနေတဲ့ လူငယ်တွေကို ဇူလိုင် ၁၀ ရက် ညပိုင်းမှာ အပြီးသတ် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဒီလို ကယ်ထုတ်နိုင်ဖို့အတွက် ထိုင်းရေတပ်က အထူးကွန်မန်ဒိုတွေ ၊ နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်သူတွေ ၊ ပညာရှင်တွေက ပူးပေါင်းပါဝင်ခဲ့ကြတာပါ ။

ကနဦးအနေနဲ့ လူငယ်တွေကိုရှာဖွေရာမှာတော့ ရှုပ်ထွေပွေလီလှတဲ့ ဂူလမ်းကြောင်းတွေထဲမှာ အခက်အခဲတွေရှိခဲ့တာဖြစ်ပါတယ် ။

လူငယ်တွေကို အသက်ရှင်လျှက်တွေ့ရှိပြီးတဲ့နောက်မှာ တော့ အသုတ်လိုက် ခွဲထုတ် ကယ်ဆယ်ခဲ့တာဖြစ်ပြီး ပိတ်မိနေတဲ့ လူငယ် ၁၃ ဦးစလုံးကို သုံးရက်အတွင်း အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာပါ ။

တစ်ကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်ခဲ့ရတဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ တောဝက်ရိုင်း အဖွဲ့သား ၁၃ ယောက်လုံး ဘေးမသီ ရန်မခ လွတ်မြောက်ခဲ့ပေမယ့် ဝမ်းနည်းစရာအဖြစ် ထိုင်းရေငုပ်သမား တစ်ဦးတော့ အသက်ဆုံးရှုံးခဲ့ရှာပါတယ်။

Thursday, July 12, 2018