ဂူထဲက လွတ်လာတဲ့ ထိုင်းလူငယ်တွေ ဆေးကုသမှုခံယူနေတဲ့ရုပ်သံထုတ်ပြန်

Thu, 2018-07-12 13:40 -- Nwe Mon Phyo

ဇူလိုင် - ၁၁ ၊၂၀၁၈

ကျောက်ဂူထဲမှာ ၁၇ ရက်ကျော် ပိတ်မိခဲ့တဲ့ ထိုင်းလူငယ် ဘောလုံးအသင်းသားအားလုံး ကိုယ်အလေးချိန် လျော့ကျသွားပေမယ့် ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။

တောဝက်ရိုင်း ဘောလုံးအသင်းရဲ့ လူငယ်ကစားသမား ၁၂ ယောက်ရော၊ သူတို့ရဲ့ နည်းပြပါ ပျမ်းမျှ ကိုယ်အလေးချိန် လေးပေါင်လောက်စီ ကျဆင်းသွားကြပေမယ့် တခြား ကျန်းမာရေး ပြဿနာ ကြီးကြီးမားမား ဘာမှ မတွေ့ရဘူးလို့ ကျန်းမာရေးဆိုင်ရာ အရာရှိကြီး တစ်ဦးက Reuters သတင်းဌာနကို မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာနဲ့ နယ်စပ်အနီး မယ်ဆိုင်က သဘာဝ ရေဝင်ဂူထဲမှာ ဇွန်လ ၂၃ ရက် ကတည်းက လမ်းပျောက်ပြီး ပိတ်မိနေတဲ့ လူငယ်တွေကို ဇူလိုင် ၁၀ ရက် ညပိုင်းမှာ အပြီးသတ် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

လူငယ်တွေကို ဆေးရုံ ဆက်တင်ထားဦးမှာ ဖြစ်ပေမယ့် အားလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးလည်း မရှိကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက စုံစမ်းရေး အရာရှိ သွမ်ချိုင်းက ပြောပါတယ်။

အစောပိုင်း နေ့တွေက ကယ်ထုတ်ခဲ့တဲ့ ကလေးတွေဆီကို မိဘတွေ သွားရောက်လည်ပတ် တွေ့ဆုံခွင့် ရနေပြီ ဖြစ်ပေမယ့် ပြင်ပပိုးမွှား ဝင်ရောက်မှု မရှိအောင် အကာအကွယ် ဝတ်စုံတွေ ဝတ်ထားစေပါတယ်။ ပြီးတော့ လူငယ်တွေနဲ့ ၂ မီတာလောက် အကွာကနေပဲ စကားပြောခွင့် ပေးထားပါသေးတယ်။

တစ်ကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်ခဲ့ရတဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်မှာ တောဝက်ရိုင်း အဖွဲ့သား ၁၃ ယောက်လုံး ဘေးမသီ ရန်မခ လွတ်မြောက်ခဲ့ပေမယ့် ဝမ်းနည်းစရာအဖြစ် ထိုင်းရေငုပ်သမား တစ်ဦးတော့ အသက်ဆုံးရှုံးခဲ့ရှာပါတယ်။

Thursday, July 12, 2018