အင်အားကောင်းပြီး စည်လုံးတဲ့ပါတီအနေနဲ့ ဆက်ရပ်တည်နိုင်အောင်ညီလာခံကျင်းပတာလို့ဒီချုပ်ဆို

Sat, 2018-06-23 16:27 -- Nwe Mon Phyo

ဇွန် - ၂၃ ၊၂၀၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အင်အားကောင်းပြီး စည်လုံးညီညွှတ်တဲ့အဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်သွားနိုင်ဖို့ ကို ရည်ရွယ်ပြီး နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပရတာဖြစ်တယ်လို့ ညီလာခံသဘာပတိ ဦညီပုက ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဦးညီပုက သဘာပတိမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ နိုင်ငံ့တာဝန်တွေကို လွှဲပြောင်းတာဝန်ယူခဲ့တဲ့ အချိန်ကစလို့ စိန်ခေါ်မှုများ၊အခက်အခဲများ၊ဖိအားများကို ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပါတီ၊အစိုးရ၊လွှတ်တော် ကဏ္ဍကြီးသုံးရပ်အနေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့၊ အချင်းချင်းအပြန်အလှန်လေးစားယုံကြည်မှုနဲ့ဆောင်ရွက်ဖို့အတွက်လည်း ပြောကြားခဲ့ပါတယ်။

ညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့နိုင်ငံရေးအစီရင်ခံစာ၊ စည်းရုံးရေးအစီရင်ခံစာ၊ လစ်လပ်နေတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ရွေးချယ်မှု၊ ဗဟိုကော်မတီဝင်များနဲ့အရံကော်မတီဝင်များရွေးချယ်တာတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့နိုင်ငံရေးအစီရင်ခံစာမှာအစိုးရရဲ့ဦးစားပေးရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေးနဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး၊ ၂၀၂၀အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး၊ ခိုင်မာအားကောင်းတဲ့အဖွဲ့ချုပ်ကိုစနစ်တကျတည်ဆောက်ရေး၊အဖွဲ့ချုပ်အစိုးရရဲ့မူဝါဒနဲ့လုပ်ငန်းများကိုဝန်းရံရေးတို့ကို ရှေ့လုပ်ငန်းစဉ်တွေအဖြစ်ထည့်သွင်းထားပါတယ်။

အခုညီလာခံကို တိုင်းနဲ့ပြည်နယ်အသီးသီးက ရွေးချယ်စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်ပေါင်းတစ်ထောင်ကျော်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပါတီဒုတိယဥက္ကဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ သဘာပတိအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ဥက္ကဌတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီချုပ်ပါတီ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံကို ဇွန်၂၃နဲ့၂၄ နှစ်ရက်တာပြုလုပ်သွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Saturday, June 23, 2018