ကမ္ဘာ့ဖလား ကာလအတွင်း ရုရှားမှာ ဘီယာရောင်းအား မြင့်တက်

Sat, 2018-06-23 14:40 -- Nwe Mon Phyo

ဇွန် - ၂၃ ၊၂၀၁၈

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ရုရှားနိုင်ငံမှာ ဘီယာရောင်းအားက ကြောက်ခမန်းလိလိ မြင့်တက်လာတယ်လို့ သိရပါတယ်။

မော်စကိုနဲ့ ကမ္ဘာ့ဖလား ကျင်းပရာ မြို့ကြီးတွေမှာ နိုင်ငံခြားသား ဘောလုံးပရိသတ်တွေ လာရောက် လည်ပတ်ခြင်းနဲ့အတူ စတိုးဆိုင်တွေ၊ အရက်ဆိုင်တွေမှာ ဘီယာ အမြောက်အမြား ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ အေးအေးဆေးဆေး ဘီယာထိုင်သောက်လို့ရတဲ့ ဘားအသေးလေးတွေမှာလည်း ဘောလုံးပရိသတ်တွေ အမြဲလိုလို ပြည့်နေတတ်တယ်လို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

Heineken၊ Guinnessတို့လို ကမ္ဘာကျော် ဘီယာ အမှတ်တံဆိပ်တွေအပြင် Zolotaya Bochkaလို ရုရှားဖြစ် ဘီယာတွေပါ ကမ္ဘာ့ဖလား မစခင် ရက်ပိုင်းအလိုကတည်းက ရောင်းအား သိသိသာသာ တက်လာခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ အဓိက စူပါမားကက်ကြီးတွေက ဘီယာရောင်းအား မြင့်တက်မှုနဲ့ ပတ်သက်လို့ တိတိကျကျ ရာခိုင်နှုန်း ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဒါပေမဲ့ မြို့ကြီးတွေထဲက ကမ္ဘာလှည့် ခရီးသည်တွေ လက်ထဲမှာ တွေ့နေရတဲ့ တစ်ခါသုံး ဘီယာခွက်လေးတွေကြောင့် ဘီယာတွေ အရမ်း ရောင်းနေရတယ် ဆိုတာကို အလွယ်တကူ ခန့်မှန်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

Saturday, June 23, 2018