7DayTVရဲ့ည၇နာရီသတင်းတိုက်ရိုက်ထုတ်လွှင့်မှု7PMNews

Fri, 2018-06-22 20:16 -- Nwe Mon Phyo

ဇွန် - ၂၁ ၊၂၀၁၈

၁. မုဒိမ်းကျင့်၊ လုယက် လူသတ်ခဲ့တဲ့ တက္ကစီးသမားကိုသေဒဏ်ချလိုက်ပြီ

FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မျိုးဇော်ဦး (ခ)ဆီဒိုးနားကို ဒီကနေ့ ဇွန်လ ၂၂ ရက် မနက်ပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးကနေ သေဒဏ်ချမှတ်လိုက်ပါတယ်။

လူသတ်မှု၊ လုယက်မှု၊ အဓမ္မပြုကျင့်မှု၊ ဓမ္မတာနဲ့ ဆန့်ကျင်အဓမ္မပြုကျင့်မှုတွေကြောင့် ပုဒ်မ ၃၀၂(၁)(ဂ) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားတာကြောင့် သေဒဏ်ချမှတ်ခဲ့တာပါ။

အခုလို သေဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အသတ်ခံရတဲ့ FDA ဝန်ထမ်းအမျိုးသမီးရဲ့ မိသားစုဝင်တွေက မှတ်ချက် တစ်စုံတစ်ရာ ပေးတာမရှိပါဘူး။

အခုလို သေဒဏ်အမိန့်ချတာဟာ လုပ်ထုံးလုပ်နည်းနဲ့ အညီချမှတ်ခဲ့တာဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ မီဒီယာပြန်ကြားရေးအရာရှိ ခရိုင်တရားသူကြီး အမှတ် ( ၄ ) ဦးထွန်းထွန်းဦးက ပြောပါတယ်။

သေဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာတော့ အယူခံဝင်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ မျိုးဇော်ဦးဘက်က လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမောင်မောင်စိုးက ပြောပါတယ်။

အမှုမှာ တရားလိုဘက်က ဖိအားတွေများနေပြီးတော့ ပုံမှန် ဆို ထောင်ဒဏ် နှစ် ၂၀ လောက်ပဲ ချမှတ်ရမယ့်အမှုမျိုးဖြစ်ပါတယ်လို့ ရုံးတော်ကအမိန့်ချအပြီးမှာ ရှေ့နေဦးမောင်မောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက FDA ဝန်ထမ်းအမျိုးသမီး ဒဂုံမြိှု့နယ်က နေအိမ်ကို ပြန်ဖို့ လှည်တန်းလမ်းဆုံအနီးက တက္ကစီဌားစီရာကနေ ပျောက်ဆုံးခဲ့တာပါ။

နောက်တစ်နေ့ မနက်ပိုင်းမှာတော့ ဒဂုံမြို့သစ်မြောက်ပိုင်းက ငမိုးရိပ်ချောင်းဘေးမှာ အညို အမဲ ဒဏ်ရာ တွေနဲ့ မိန်းမကိုယ်သွေးထွက်ပြီး သေဆုံးနေတဲ့အမျိုးသမီးရဲ့အလောင်းကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။

အမှုနဲ့ပတ်သက်ပြီး တက္ကစီမောင်းသမားမျိုးဇော်ဦးကို ဖမ်းဆီးကာ လူသတ်မှု ၊ လုယက်မှု ၊ မုဒိမ်းမှု ပုဒ်မ တွေနဲ့အရှေ့ပိုင်းခရိုင် တရားရုံးမှာ ငါးလကြာ စစ်ဆေးပြီးတဲ့နောက်မှာ ဒီက နေ့ ဇွန်လ ၂၂ ရက်မှာတော့ အမိန့်ချလိုက်တာဖြစ်ပါတယ်။

အမှုအတွက် သက်သေ ၂၄ ဦး စစ်ဆေးခဲ့တာဖြစ်ပါတယ်။

၂။ ရန်ကုန်လေဆိပ်ကနေ ဆူးလေအထိ ငါးရာကျပ်နဲ့ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲ

ရန်ကုန်လေဆိပ်ကနေ ဆူးလေကို ခရီးသည်တစ်ဦး ငါးရာကျပ်နဲ့ ပြေးဆွဲ တဲ့YBS ယာဉ်လိုင်း အသစ်ကို ဒီကနေ့မှာစတင်ပြေးဆွဲလိုက်ပါပြီ ။

Airport Shuttle လို့အမည်ပေးထားတဲ့ အဲဒီယာဉ်လိုင်းသစ်မှာ အစီးရေ ၃၀ နဲ့ စတင်ပြေးဆွဲနေတာပါ ။
လေဆိပ်ကနေ ဆူးလေအထိ ခရီးစဉ်လမ်းကြောင်းတလျောက်မှာရှိတဲ့မှတ်တိုင်တွေအနက် မှတ်တိုင် ( ၁၁ ) ခုမှာ သာ ရပ်နားပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဖြတ်သန်းသွားမယ့် လမ်းတွေကတော့ လေဆိပ်အဝင်လမ်း ၊ ပြည်လမ်း ၊ ကမ္ဘာ့အေးဘုရားလမ်း ၊ ရွှေဂုံတိုင်လမ်း ၊ အလံပြဘုရားလမ်း ၊ ဆူးလေ ဘုရားလမ်းတို့ပဲဖြစ်ပါတယ်။

ဒီကနေ့ စတင်ပြေးဆွဲတဲ့နေ့မှာတော့ အခမဲ့ ပြေးဆွဲပေးတာပါ။

ယာဉ်လိုင်းကတော့ Omini Focus ကုမ္ပဏီက ဖြစ်ပြီး နေ့စဉ် နံနက် ငါးနာရီကနေ ည ကိုးနာရီခွဲ နောက်ဆုံး ထားပြေးဆွဲပေးမယ်လို့သိရပါတယ်။

Airport Shuttleယာဉ်လိုင်းမှာ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို လည်းတင်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။

Airport Shuttle ယာဉ်လိုင်းကို ယာဉ်စီရေ သုံးဆယ် ၊ ဝန်ထမ်းခြောက်ဆယ်ကျော်နဲ့ ပြေးဆွဲ နေတာ ဖြစ်ပြီး အစီးရေ နှစ်ဆယ် ထပ်တိုးဖို့ရှိနေတယ်လို့ သိရပါတယ်။

၃။ ကုမ္ပဏီ ဥပဒေသစ်အရ ကုမ္ပဏီတွေ မှတ်ပုံတင်တာကို ခြောက်လအတွင်း ဆောင်ရွက်ရတော့မယ်

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်ဟာ သြဂုတ်လ ၁ ရက်မှာ အာဏာတည်မှာဖြစ်တဲ့အတွက် ပြည်တွက်းက ကုမ္ပဏီ တွေ အားလုံး ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရမယ်လို့ ရင်နှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပြန်လည်မှတ်ပုံတင်ရမယ့် ကုမ္ပဏီတွေထဲမှာ ၁၉၁၄ ကုမ္ပဏီများအက်ဥပဒေနဲ့ ၁၉၅၀ အထူးကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေ ၊ အသင်းအဖွဲ့တွေနဲ့ အဖွဲ့အစည်းတွေပါဝင်တယ်လို့ သိရပါတယ်။

မှတ်ပုံပြန်တင်ရာမှာတော့အခကြေးငွေ ပေးသွင်းဖို့မလိုပေမယ့် ခြောက်လအတွင်း စာရင်းလာမသွင်း ရင်တော့ ကုမ္ပဏီစာရင်းထဲက ထုတ်မယ်လို့ ရင်နှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြား ရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။

ထိုသို့ပြန်လည် မှတ်ပုံတင်တွင်၁၉၁၄ ကုမ္ပဏီများ အက်ဥပဒေနှင့် ၁၉၅၀ အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်း ထားသည့် ကုမ္ပဏီများ အသင်းအဖွဲ့များ၊အဖွဲ့အစည်းများ အားလုံးပါဝင်ပြီး မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ ပေးသွင်းရန် မလိုကြောင်း အဆိုပါဌာနက ကြေညာထားသည်။

ဒါကြောင့် ကုမ္ပဏီတွေဟာ လာမယ့် သြဂုတ်လ ၁ရက်နေ့က နေ ၂၀၁၉ ဇန်လဝါရီ လကုန်အထိခြောက် လအတွင်း ကုမ္ပဏီမှတ်ပုံတင် ပြန်တင်ရမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ နိုင်ငံသားပိုင် ပုဂ္ဂလိက ကုမ္ပဏီ ငါးသောင်းကျော် ၊ နိုင်ငံခြား ကုမ္ပဏီ ၊ ရုံးခွဲပေါင်း ခြောက်ထောင်နီးပါးနဲ့ အစုအစပ်လုပ်ငန်းပေါင်း တစ်ထောင်ကျော်တို့ ရှိနေပါတယ်။

၎။ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူ

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို အခုလ ၂၉ ရက်မှာ ကျင်းပမယ်လို့ ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းကပြောပါတယ်။

အစည်းအဝေးကျင်းပမယ့်အကြောင်းကိုတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေဆီ အကြောင်းကြား ထားတယ်လို့လည်း လွှတ်တော် ဥက္ကဌက ဆိုပါတယ်။

အရေးပေါ်အစည်းအဝေးခေါ်ရတဲ့အကြောင်းကိုတော့ လွှတ်တော် စကျင်းပတော့ ရက်ပိုင်းအနီးမှာ သိရ မယ်လို့လည်းပြောပါတယ်။

လွှတ်တော်အရေးပေါ်အစည်းအဝေးခေါ်မယ့်အကြောင်းကြားစာကိုတော့ ဒီကနေ့မှာ ပဲ လက်ခံရရှိတယ် လို့ အမ်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဟာ ရခိုင်အမျိုးသားပါတီက အမတ်တွေ အများဆုံးနေရာရထားတဲ့ လွှတ်တော် လည်း ဖြစ်ပါတယ်။

၅။ အလွဲသုံးစားမှုနဲ့ တရားစွဲခံရတဲ့ အစ္စရေး ဝန်ကြီးချုပ်ကတော်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ ဇနီးဖြစ်သူဟာ အလွဲသုံးစားမှုအတွက် တရားစွဲဆို ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ် ကတော် ဆာရာ နေတန်ညာဟုဟာ အစိုးရ ရန်ပုံငွေတွေကို မလျော်မကန် အသုံးချခဲ့တဲ့အတွက် စွဲချက်တင်ခဲ့တာ ဖြစ်တယ်လို့ ဇွန်လ ၂၁ ရက်မှာ တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဆာရာက ကြံရာပါ အစိုးရ ဝန်ထမ်း တစ်ဦးနဲ့အတူ အခုစွဲချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြည်သူ့ဘဏ္ဍာ ဒေါ်လာ တစ်သိန်းကျော်လောက်ကို အလွဲသုံးစား ပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဆာရာဟာ အလွဲသုံးစားမှုအပြင် ယုံကြည် အပ်နှံမှုကို ဖောက်ဖျက်မှုနဲ့ပါ တရားစွဲဆို ခံထားရတယ်လို့ သိရပါတယ်။

ဆာရာရဲ့ ခင်ပွန်းဖြစ်သူ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

Friday, June 22, 2018