နေအိမ်ကို ကြောင်စောင့်ရှောက်ရေး ဂေဟာအဖြစ် ပြောင်းလိုက်တဲ့ လစ်ဗျားနိုင်ငံသား

Fri, 2018-06-22 17:10 -- Nwe Mon Phyo

ဇွန် - ၂၂ ၊၂၀၁၈

လစ်ဗျားနိုင်ငံက ကြောင်ချစ်သူ တစ်ဦးဟာ သူ့နေအိမ်ကို ဒဏ်ရာရ လေလွင့်ကြောင်တွေ စောင့်ရှောက်ရာ ဂေဟာအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ထရီပိုလီ မြို့က ဈေးတွေထဲမှာ ငါးရောင်းပြီး အသက်မွေးတဲ့ မိုဟာမက် ဆေ့ဒ်ဟာ လမ်းပေါ်မှာ ဒဏ်ရာ အနာတရဖြစ်ပြီး အကူအညီမဲ့နေတဲ့ ကြောင်တွေကို စုစည်း ကယ်ဆယ်ပေးထားတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဆေ့ဒ်ရဲ့ အိမ်ကျဉ်းကျဉ်းလေးထဲမှာ အခုဆိုရင် ကြောင်ပေါင်း အကောင် ၅၀ ကျော်လောက် ရှိနေပြီလို့ သိရပါတယ်။ ဆေ့ဒ်ဟာ သူရောင်းချတဲ့ ငါးအကြွင်းအကျန်တွေကိုလည်း ယူဆောင်သွားပြီး ထရီပိုလီ မြို့ထဲက လေလွင့် ကြောင်လေးတွေကို လိုက်လံ ကျွေးမွေးလေ့ ရှိပါတယ်။

ကြောင်တွေဟာ သူတို့ရဲ့ နာကျင်မှုကို လူတွေလို မဖော်ပြနိုင်ကြောင်း၊ နာကျင်ထိခိုက်နေတဲ့ ကြောင်လေးတွေရဲ့ ဒုက္ခ အစစ်အမှန်ကို ဘုရားသခင်သာ သိမှာဖြစ်ကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ကြောင်လေးတွေကို တွေ့တဲ့အခါ ကူညီ စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆေ့ဒ်က ရှင်းပြပါတယ်။

ကြောင်လေးတွေ နေပြန်ကောင်းလာပြီ ဆိုရင်တော့ မွေးစားချင်သူတွေကို ပေးလိုက်သလို တချို့ကိုလည်း လမ်းပေါ် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆေ့ဒ်က ဆိုပါတယ်။ ဆေ့ဒ်ရဲ့ နေအိမ်ကို ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ ကြောင်အရေအတွက်က တစ်နှစ်ကို ပျမ်းမျှ အကောင် ၆၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။

Friday, June 22, 2018