7DayTVရဲ့ည၇နာရီသတင်းတိုက်ရိုက်ထုတ်လွှင့်မှု7PMNews

Thu, 2018-06-21 19:36 -- Nwe Mon Phyo

ဇွန် - ၂၁ ၊၂၀၁၈

၁။ရခိုင်အကြမ်းဖက်ကိစ္စ ငွေကြေးထောက်ပံ့မှုနဲ့ ဖမ်းခံထားရတဲ့ ပြည်ခိုင်ဖြိုးအမတ်ဟောင်းကို ပြန်လွှတ်ပေး
မောင်တောမြို့နယ် ငါးခူရရဲစခန်းအကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်ဖမ်းဆီးခံထားရတဲ့ ပြည်ခိုင်ဖြိုးအမတ်ဟောင်းကို စွပ်စွဲထားချက်မှာ ခိုင်လုံတဲ့သက်သေမရှိလို့ဆိုပြီး မောင်တောခရိုင်တရားရုံးက လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။


ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးအောင်ဇော်ဝင်းကို မောင်တောခရိုင်တရားရုံးက ဇွန်လ ၂၀ ရက်က တရားရှင်လွှတ်ပေးခဲ့တာ ပါ။
ငါးခူရရဲစခန်းအကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ဦးအောင်ဇော်ဝင်းက အကြမ်းဖက်သူတွေကို ငွေးကြေးထောက်ပံ့ခဲ့ တယ်လို့ ဖမ်းဆီးခံထားရသူတွေက ထွက်ဆိုခဲ့တာကြောင့် အခြားဘင်္ဂါလီတွေနဲ့အတူ အမှုဖွင့်တရားဆွဲဆိုထားတာဖြစ်ပါ တယ်။
ဦးအောင်ဇော်ဝင်း(ခ) ဇော်ကီးအာမတ် ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။
ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေမပြနိုင်တာကြောင့် သက်သေမခိုင်လုံလို့ တရားရုံးက တရားရှင်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

၂။လာမယ့်ပင်လုံညီလာခံတက်ဖို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖိတ်မယ်
NCA လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ၂၁ ရာစုပင်လုံ တ တိယအကြိမ်ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
သုံးရက်ကြာဆွေးနွေးတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့အစည်းအဝေးအပြီး ဒီကနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချူပ် ဦးဇော်ဌေးက ပြောဆိုလိုက်တာဖြစ်ပါတယ်။
အစိုးရပိုင်းအဖွဲ့တွေအနေနဲ့ နှစ်ဦးနှစ်ဖက်ညှိုနှိုင်းမှုတွေဆောင်ရွက်ပြီးမှ ဖိတ်ကြားသွားမှာဖြစ်တယ်လို့ ဦးဇော်ဌေး က ဆက်ပြောပါတယ်။
မြောက်ပိုင်းအဖွဲ့တွေကတော့ဖိတ်မှာပါ။ ဒါပေမယ့်လည်း အကုန်လုံးပါမပါဆိုတာပြန်ညှိရအုံးမှာဖြစ်ပြီး အဲဒါနဲ့ ပတ်သက်ရင်တော့ မူမကျသေးဘူး လို့ ဦးဇော်ဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒုတိယအကြိမ်မြှောက် ၂၁ ရာစုပင်လုံညီလာခံမှာလည်း မြောက်ပိုင်းလက်နက်ကိုင် ခုနှစ်ဖွဲ့ဟာ အထူး ဖိတ်ကြားသူအနေနဲ့ ညီလာခံအဖွင့်နေမှာ တက်ရောက်ခဲ့ပါတယ်။
UWSA အဖွဲ့ အပါအဝင်၊ အမျိုးသားမဟာမိတ် တပ်မတော် မိုင်းလားအဖွဲ့ ( NDAA ) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ( KIO ) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအောင်းအမျိုးသားလွတ်မြှောက်ရေးတပ်မတော် ( TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် ကိုးကန့်အဖွဲ့ ( MNDAA) ရခိုင့်တပ်မတော် ( AA) တို့တက်ရောက်ခဲ့ကြတာပါ။
တတိယအကြိမ်မြှောက် ၂၁ ရာစုပင်လုံညီလာခံကို ဇူလိုင်လ ဆယ်ရက်ဝန်းကျင်မှာ ကျင်းပဖို့ လျာထား တယ်လို့သိရပါတယ်။
ဒီနေ့နောက်ဆုံးနေ့အဖြစ် သုံးရက်ကြာဆွေးနွေးတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေကို ဇွန် ၂၅ရက်ကနေ ၂၇ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ သုံးရက်ကြာ ဆွးနွေး မှာဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းညှိုနှိုင်းအစည်းအဝေးအပြီမှ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ကျင်းပမယ့်ရက်အ တိအကျကို ထုတ်ပြန်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

၃။ဒေါ်လာဈေး ရုတ်တရက်မြင့်တက်လာ
ဒီနေ့မွန်းလွဲပိုင်းကစလို့ ဒေါ်လာဈေး ရုတ်တရက်မြင့်တက်လာပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်လာခြင်းနဲ့ အတူ အမေရိကန်ရဲ့ ဗဟိုဘဏ်အတိုးနှုန်း ပြင်ဆင်မှုတွေရှိလာတာကြောင့် ကန်ဒေါ်လာတန်ဖိုးမြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက့် ကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။
ပြည်တွင်းကပို့ ကုန်လုပ်ငန်းတွေလျော့ကျချိန် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်း လာခြင်းကြောင့်ကုန်ဈေး နှုန်းတက်၊ မတက် စောင့်ကြည့်ရမှာဖြစ်တယ်လို့  ကုန်သည်စက်မှုအသင်းချုပ်ရဲ့  ဒုတိယဥက္ကဌ ဒေါက်တာမောင်မောင်လေးကပြောပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးနှေးကွေးချိန်မှာ ဝယ်လိုအားရောင်းလိုအားပေါ်မူတည်ပြီး ဈေးကွက်ကအတက်အကျ ဖြစ်လာနိုင်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး စီးပွားရေးအရ အမြတ်မထုတ်ဖို့ ၊ကိုယ်ချင်းစာတရား ရှိဖို ပဲလိုပါတယ်လို့ လည်း ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့တာပါ။
ဒေါ်လာဈေးရုတ်တရက်မြင့်တက်လာခြင်းဟာ ထရန့်နဲ့  ကင်ဂျုံအမ်တို့ ရဲ့တွေ့ ဆုံမှုအပြီး ဆန်ရှင်အချို ရုပ်သိမ်းသွား တာကြောင့် ကမ္ဘာနဲ့ အတူဒေါ်လာဈေးက မြန်မာနိုင်ငံကပါ လိုက်လံမြင့်တက်လာခြင်းဖြစ်တယ်လို့  ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင် က7Day TV ကိုပြောပါတယ်။
သက်ဆိုင်ရာ အစိုးရဌာနတွေက နိုင်ငံခြား ငွေကိုမိမိအစီအစဉ်နဲ့ မိမိရှာရမယ်ဆိုပြီး ဒီရက်ပိုင်းထုတ်ပြန်ချက်တွေ ထုတ်ထားတာလည်းတွေ့ တော့ ဒေါ်လာလိုအပ်ချက်တွေရှိနိုင်တယ်။ ဒါကြောင့် အကျိုးသက်ရောက်တာလဲရှိနိုင်ပါတယ်လို့ ဦးသန်းလွင်က ပြောပါတယ်။
ဇွန်လပထမပတ်ထဲမှာ တစ်ဒေါ်လာကို ၁၃၅၀ ဝန်းကျင်သာရှိရာကနေ ဒီကနေ့ ဇွန် ၂၁ရက် မွန်းလွဲပိုင်း ဈေးကွက်ပိတ်ချိန် မှာ တစ်ဒေါ်လာလျှင် ၁၃၆၇ ကျပ်အထိမြင့်တက်လာခြင်းဖြစ်ပါတယ်။
ဇွန်လ ၁၅ ရက်အထိ ဒေါ်လာဈေးဟာ ၁၃၅၀ အောက်မှာပဲ ရှိနေရာက ကမ္ဘာ့ဖလားဘောလုံးပွဲတွေကျင်းပချိန် ဇွန်လ ၁၅ ရက် နောက်ကနေ ၁၃၅၀ ရဲ့ အပေါ်ကို တရိပ်ရိပ်တက်လာခဲ့တာပါ။

၎။ လေဆိပ်နဲ့ ဘူတာကြီးအထိပြေးဆွဲမယ့် YBS မနက်ဖြန်စမယ်
ရန်ကုန်လေဆိပ်ကနေ ရန်ကုန် ဘူ တာကြီးအထိ ပြေးဆွဲမဲ့ YBS (Airport Shuttle) အမြန်ယာဉ် လိုင်းကို ဇွန်လ ၂၂ ရက်မနက်ဖြန်မှာ စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။
ဒီ YBS (Airport Shuttle ) အမြန်ယာဉ်လိုင်းကို ရန်ကုန်လေဆိပ်ကနေ ပြည် လမ်းဘက်ကတဆင့် ကမ္ဘာအေး ဘုရားလမ်းအ တိုင်းမောင်းနှင်ပြီး ရန်ကုန်ဘူတာ ကြီးမှာ ဂိတ်ဆုံးမဲ့ YBS (Airport Shuttle) အမြန်ယာဉ်လိုင်း ဟာယာဉ်စီးခကို ငါးရာကျပ်သတ်မှတ် ထားပါတယ်။
မနက်ဖြန် ဇွန် ၂၂ရက် သောကြာနေ့ မှာ စတင်ပြေးဆွဲမှာဖြစ်ပြီးတော့ ပထမဆုံးနေ့ မှာ အခမဲ့စီးနင်းခွင့်ပေး မှာ ဖြစ်ပါတယ်။
ကားအစီးရေ ၃၀ နဲ့  Omini Focus ကုမ္ပဏီက စတင်ပြေးဆွဲမှာဖြစ်ပြီးတော့ ပြည်တွင်း၊ပြည်ပခရီးသည် များ အများဆုံးသွားရောက်တဲ့ တန်ခိုးကြီးဘုရားတွေ ဈေးဝယ် စင်တာ၊ ဟိုတယ်၊ ရုပ်ရှင်ရုံနေရာ တွေကို မှတ်တိုင် အဖြစ် သတ်မှတ် ထားတာပါ။ မှတ်တိုင် ၁၆ ခု မှာပဲ ခရီးသည်အတင်၊အချပြုလုပ်သွားမယ်လို့ ကုမ္ပဏီကထုတ် ပြန်ထားပါတယ်။

၅။မြေသိမ်းပြီး စွန့်လွှတ်လှူဒါန်းတယ်လို့ လက်မှတ်ထိုးခိုင်းတဲ့အဖြစ် လွှတ်တော်က လက်မခံနိုင်
တောင်သူတွေပိုင်ဆိုင်တဲ့မြေကို ရန်ကုန်တိုင်းအစိုးရကသိမ်းယူပြီး တောင်သူတွေကို စွန့်လွှတ်လှူဒါန်းကြောင်း ခေါင်းစဉ်တပ်ခိုင်းတာ လွှတ်တော်အနေနဲ့လက်မခံနိုင်ဘူးလို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း စီမံကိန်းပြုလုပ်ဖို့ မြေသိမ်းယူရာမှာ မိမိပိုင်မြေစွန့် လွှတ်လှူဒါန်းပါကြောင်းလက်မှတ်ရေးထိုး ခိုင်းမှုတွေရှိနေတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ညီမညီသိလိုကြောင်း ဒီနေ့ပြုလုပ်တဲ့ရန်ကုန်တိုင်းလွှတ်တော်မှာ ဒေါ်စန္ဒာမင်းကမေးခဲ့တာပါ။
ရန်ကုန်တိုင်းအစိုးရက လှိုင်သာယာမြို့နယ်၊အလယ်ကျေးရွာရှိ မြေဧက ၂၀၀ ကျော်ပေါ်မှာ Dry Port တည်ဆောက်ဖို့ မြေသိမ်းယူထားတာဖြစ်ပါတယ်။
အဲဒီလိုသိမ်းယူရာမှာ တောင်သူတွေကိုမြေစွန့်လွှတ်လှူဒါန်ကြောင်း လက်မှတ်ရေးထိုးခိုင်းမှုတွေရှိခဲ့တယ်လို့ ဒေါ်စန္ဒာမင်း ကပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရက တောင်သူပိုင်မြေတွေရဲ့ ၈၀ရာခိုင်နှုန်းကို နိုင်ငံတော်မှစီမံကိန်းအတွက်သိမ်းယူပြီး ၂၀ရာခိုင်နှုန်းကို အဲဒီ့တောင်သူတွေအတွက်မြို့မြေအဖြစ် ပြောင်းလဲပေးအပ်တဲ့စနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။
တောင်သူတွေနဲ့သဘောတူညီမှုရရှိခဲ့တာကြောင့် မူလပိုင်ရှင်တောင်သူတွေက သူတို့ရဲ့ဆန္ဒအတိုင်း ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့တာလို့ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနဲ့စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။
စီမံကိန်းအတွက် မြေသိမ်းယူရာမှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဥပဒေစည်းမျဉ်းတွေနဲ့အညီဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ဦးဟံထွန်းကပြောကြားခဲ့တာပါ။

၆။အိန္ဒိယမှာ လူပေါင်းသိန်းနဲ့ချီ စုပေါင်း ယောဂလေ့ကျင့်ပြီး ကမ္ဘာ့စံချိန်သစ်တင်
အိန္ဒိယ နိုင်ငံမှာ လူတွေ အများဆုံး စုပေါင်းပြီး ယောဂကျင့်စဉ် လေ့ကျင့်တဲ့ ကမ္ဘာ့စံချိန်သစ် တစ်ခုကို တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာ ယောဂနေ့မှာ ဘာသာရေးခေါင်းဆောင် ယောဂ ဂုရုကြီး ဘာဘာ ရမ်းဒက်ဗ် ဦးဆောင်ပြီး အိန္ဒိယ အနောက်မြောက်ပိုင်းက ကိုတာမြို့မှာ အခုစံချိန်သစ်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာဘာ ရမ်းဒက်ဗ်ရဲ့ မိနစ် ၉၀ ကြာ ယောဂ လေ့ကျင့်မှု အစီအစဉ်ကို ကိုတာမြို့ခံ တစ်သိန်းကျော် စုပေါင်း ပါဝင် အားဖြည့်ပေးခဲ့ကြပါတယ်။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က ဒီစံချိန်ကို အသိအမှတ် ပြုခဲ့ပြီး ဘာဘာရမ်းဒက်ဗ်ဆီကို ကမ္ဘာ့စံချိန်သစ်အဖြစ် အသိအမှတ်ပြုတဲ့ စာတမ်းကို ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ နိုင်ငံတကာ ယောဂနေ့မှာ အိန္ဒိယ တစ်နိုင်ငံလုံး စုပေါင်း ယောဂလေ့ကျင့်သူတွေ သန်းနဲ့ချီ များပြားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အဆိုပြုမှုကို ကုလသမဂ္ဂက လက်ခံပြီး ဇွန် ၂၁ ရက်ကို နိုင်ငံတကာ ယောဂနေ့အဖြစ် ၂၀၁၄ မှာ စတင် သတ်မှတ်ခဲ့ပါတယ်။ ယောဂကျင့်စဉ်ဟာ အိန္ဒိယရဲ့ အအောင်မြင်ဆုံး ယဉ်ကျေးမှု ပို့ကုန် အဖြစ်လည်း တင်စားညွှန်းဆို ခံထားရပါတယ်။

Thursday, June 21, 2018