အောင်ရဲထွေးအသတ်ခံရမှုမှာဖမ်းဆီးထားသူတွေကို ဒုတိယအကြိမ်ရမန်ယူ

Thu, 2018-01-18 17:25 -- zaythu

လူမှုကွန်ရက်ပေါ်မှာ ဟာသဗီဒီယိုဖိုင်တွေနဲ့ နာမည်ကြီးတဲ့ အောင်ရဲထွေး အသတ်ခံရမှုအတွက် ဖမ်းဆီးထားသူသုံးဦးကို ဒီကနေ့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရမာန်ထပ်ယူခဲ့ပါတယ်။

မြို့နယ်တရားသူကြီးက ရမာန်ပေးကာ လာမယ့် ဖေဖော်ဝါရီလ ၁ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အောင်ရဲထွေးဟာ  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့မနက်ပိုင်းက ပါတီပွဲတစ်ခုမှာ အုပ်စုဖွဲ့ရိုက်နှက်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ နောက်တနေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အောင်ရဲထွေးသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ သန်းထွဋ်အောင် (ခ)သားကြီး၊ ပြည့်ဖြိုးအောင် (ခ)အောင်လေးနဲ့ ကျော်ဇော်ဟန် (ခ) ကျော်ဇော်တို့ သုံးဦးကို သုဝဏ္ဏနယ်မြေရဲစခန်းမှာ မိဘတွေကိုယ်တိုင်လာရောက်အပ်နှံခဲ့တာလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူသုံးဦးကို လူသတ်မှု ပုဒ်မ ၃၀၂ ၊ အားပေး ကူညီမှု ပုဒ်မ ၁၁၄တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး လာမယ့်ရုံးချိန်းကို အရှေ့ခရိုင်တရားရုံးမှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Thursday, January 18, 2018