၂၀၁၉ နှစ်ဆန်းပိုင်း ရန်ကုန်မှာ မိုးပျံအမြန်လမ်း စီမံကိန်းစဖို့ရှိနေ

Sun, 2018-01-14 10:29 -- zaythu

လာမယ့် ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ရန်ကုန်မှာ အဆင့်မြင့်မိုးပျံအမြန်လမ်းစီမံကိန်းကို စတင်ဖို့ရှိနေပါတယ်။ အဲဒီစီမံကိန်းအတွက်  အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း(IFC ) ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဦးဆောင်အကြံပေးအဖြစ်  ဇန်နဝါရီလ ၁၁ရက်က ခန့်အပ်လိုက်ပါတယ်။
 
လေး လမ်းသွားမိုးပျံအမြန်လမ်းကို ရန်ကုန်တောင်ပိုင်းရှိရန်ကုန်ဆိပ်ကမ်းမှ သီလ၀ါအထူးစီးပွားရေးဇုန်နဲ့ မြောက်ပိုင်းရှိ ရန်ကုန်လေဆိပ် စက်မှုဥယျာဉ် ရန်ကုန်မန္တလေးအမြန်လမ်းတို့နဲ့ ချိတ်ဆက်သွားမှာဖြစ်ပြီး ၁၃ မိုင်ခန့်ရှည်လျားတယ်လို့ IFC က ဆိုထားပါတယ်။
 
ရန်ကုန်တောင်ပိုင်းနဲ့ မြောက်ပိုင်း ချိတ်ဆက်မယ့် ၁၃မိုင်ခန့်(၂၀ ဒသမ ၅ ကီလိုမီတာ) ရှည်လျားတဲ့  မြန်မာ့ပထမဆုံး လေးလမ်း သွား အဆင့်မြင့် မိုးပျံအမြန်လမ်းစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍမှ ကန် ဒေါ်လာသန်း ၃၅၀ ကနေ သန်း၄၀၀ အထိအသုံးပြုမှာဖြစ်ပြီး   စီမံကိန်းအတွက် အရည်အသွေးပြည့်ဝတဲ့ ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရွေးချယ်ဖို့ နိုင်ငံတကာ အဆင့်မီ တင်ဒါခေါ်ယူမယ်လို့ IFC ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
 
တင်ဒါရမယ့်  ဆောက်လုပ် ရေးကုမ္ပဏီဟာ  ပြီးပြည့်စုံတဲ့တည်ဆောက်မှု၊ စီမံခန့်ခွဲမှု၊ လုပ် ငန်းလည်ပတ်မှုစတဲ့ ၀န်ဆောင် မှုများကိုစနစ်တကျပြုပြင်ထိန်း သိမ်းပေးနိုင်တဲ့  အတွေ့အကြုံတွေရှိရမှာဖြစ်ပြီး အရည်အသွေးပြည့်ဝ ရမယ်လို့ ဆိုထားပါတယ်။
 
တင်ဒါအောင်ပြီးရင် ၂၀၁၉ နှစ်ဆန်းပိုင်းမှာစတင်အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး စီမံကိန်းကာလဟာ နှစ်နှစ်မှ သုံးနှစ်ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရည်မှန်းချက် အတိုင်းသာ အကောင်အထည်ဖော်နိုင်ပါက လာမယ့် ၂၀၂၂ မှာမိုးပျံအမြန်လမ်းမ ပြီးစီးမှာ ဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Friday, January 12, 2018