ဆိုင်ကယ်တစ်စီးပေါ် လူ ၅၈ ယောက် တက်စီးပြီး ကမ္ဘာ့စံချိန်တင်

Thu, 2017-11-23 10:48 -- zaythu

အိန္ဒိယ စစ်တပ်ဟာ ဆိုင်ကယ်တစ်စီးပေါ်မှာ လူအများဆုံး လိုက်ပါစီးနင်းနိုင်တဲ့ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စံချိန်ယူ မောင်းနှင်မှုကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြုလုပ်ခဲ့ပြီး အခုအခါမှာတော့ ကမ္ဘာ့စံချိန်သစ်အဖြစ် အသိအမှတ် ပြုလိုက်ပါပြီ။ အိန္ဒိယ အလံမှာ ပါရှိတဲ့ အစိမ်း၊ အနီနဲ့ အဖြူရောင်တွေ ဝတ်ဆင်ထားတဲ့ စစ်သည် ၅၈ ဦးဟာ ၅၀၀ စီစီ Royal Enfield ဆိုင်ကယ် တစ်စီးပေါ်မှာ လိုက်ပါပြီး ၁.၂ ကီလိုမီတာ ခရီးပေါက်အောင် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယတောင်ပိုင်း ဘန်ဂါလူရူမြို့မှာရှိတဲ့ ယီလာဟန်ကာ လေတပ်စခန်းမှာ အိန္ဒိယ စစ်တပ်က အခုလို အားထုတ် ကြိုးစားခဲ့တာဖြစ်ပြီး ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအဖွဲ့ရော၊ လီမက်ရဲ့ ထူးခြားမှတ်တမ်းများ အဖွဲ့ကပါ ကမ္ဘာ့စံချိန်အဖြစ် အသီးသီး အသိအမှတ် ပြုပေးခဲ့ကြပါတယ်။

အရင်စံချိန်ကတော့ ၂၀၁၃ ခုနှစ်မှာ အိန္ဒိယ စစ်တပ်ကပဲ တင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆက်သွယ်ရေး စစ်တပ်က တပ်ဖွဲ့ဝင် ၅၆ ဦးထိ ဆိုင်ကယ် တစ်စီးပေါ်မှာ စီးနင်းလိုက်ပါခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ 

Thursday, November 23, 2017