သမ္မတ မူဂါဘီ ရာထူးစွန့်ရနိုင်ကြောင်း သတင်းတွေကြောင့် ဇင်ဘာဘွေ ပြည်သူတွေ အောင်ပွဲခံ

Sun, 2017-11-19 15:22 -- zaythu

သမ္မတ ရောဘတ် မူဂါဘီရဲ့ ရာထူးကို စွန့်လွှတ်ရဖို့ နီးစပ်နေကြောင်း သတင်းတွေနဲ့အတူ ဇင်ဘာဘွေ ပြည်သူတွေ စုရုံးပြီး အောင်ပွဲခံခဲ့ကြပါတယ်။
 
ဇင်ဘာဘွေ စစ်တပ်ဟာ နိုဝင်ဘာ ၁၅ ရက်မှာ နိုင်ငံရဲ့ အာဏာကို ထိန်းချုပ်ထားလိုက်ပြီး မူဂါဘီကို အကျယ်ချုပ်နဲ့ ထားရှိပါတယ်။ လတ်တလောမှာ မူဂါဘီကို ရာထူးက နုတ်ထွက်ပေးဖို့ စစ်တပ်က တောင်းဆိုထားပြီး မူဂါဘီက သူနဲ့ သူ့မိသားစုရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ ညှိနှိုင်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
 
မြို့တော် ဟာရာရီကို ထိန်းချုပ်ထားတဲ့ စစ်တပ်က လုံခြုံရေးကြောင့် ပြည်သူတွေ စုဝေးနေတာမျိုး မလုပ်ဖို့ တိုက်တွန်းထားပေမယ့် နိုဝင်ဘာ ၁၈ ရက်မှာတော့ ပျော်ရွှင်နေတဲ့ မြို့ခံတွေက လမ်းတွေပေါ် ထွက်လာပြီး အောင်ပွဲခံ ကခုန်နေတာကို တွေ့ရပါတယ်။ တခြားမြို့တွေမှာလည်း အလားတူ အောင်ပွဲခံမှုတွေ ရှိခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မူဂါဘီဟာ ဇင်ဘာဘွေကို ၃၇ နှစ်တာ အုပ်ချုပ်ခဲ့ပေမယ့် အခုတော့ သူ့ရဲ့ သမ္မတသက်တမ်းဟာ အဆုံးသတ်ဖို့ နီးစပ်နေပြီလို့ အာဏာရပါတီရဲ့ အတွင်းလူ တချို့က ဝန်ခံထားပါတယ်။
 
သမ္မတ မူဂါဘီနဲ့ ဇနီးဖြစ်သူ ဂရေ့စ်မူဂါဘီတို့ရဲ့ အနာဂတ် အလားအလာကိုတော့ တိတိကျကျ ခန့်မှန်းဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဂရေ့စ်ဟာ အသက် ၉၃ နှစ်အရွယ် ခင်ပွန်းသည်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ကြိုးစားခဲ့ပြီး ဒီကိစ္စကို စစ်တပ်ကရော၊ ပြည်သူလူထုကပါ လိုလားမှု မရှိခဲ့ကြောင်းလည်း သိရပါတယ်။

Sunday, November 19, 2017