တောင်ကုတ်ကို ရခိုင်ပြည်နယ်အတွင်း တခြားမြို့တွေက ပြောင်းရွှေ့လာမှုတွေများလာ

Sat, 2017-11-18 15:14 -- zaythu

ရခိုင်ပြည်နယ်အတွင်း တခြားမြို့တွေကနေ  တောင်ကုတ်ကို  ပြောင်းရွှေ့ နေထိုင်လာကြသူတွေ များလာတာကြောင့် အခုတလော တောင်ကုတ်မြို့မှာ အိမ်ခြံမြေဈေးကွက် အရောင်းသွက်နေတယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်တွေဆီက သိရပါတယ်။

လုံခြုံရေးစိတ်ချရတယ်ဆိုပြီးတောင်ကုတ်မြို့ ကို ပြောင်းရွှေ့နေထိုင်လာကြသူတွေများလာတာမို့  ပေ ၄၀×၆၀ မြေတကွက်ကို ကျပ်သိန်းတစ်ရာက နေ သိန်းသုံးရာထိ ဈေးပေါက်နေတယ်လို့ အိမ်ခြံမြေအကျိုး ဆောင်တွေက ဆိုကြပါတယ်။
အဲဒီလို ဈေးပေါက်နေတဲ့ မြေကွက်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အများဆုံး ကျပ်သိန်းခြောက်ဆယ်လောက်သာ ပေါက်ဈေးရှိခဲ့တာလို့သိရပါတယ်။
 
တောင်ကုတ်မြို့ဟာ ရခိုင်ပြည်နယ် သံတွဲ၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ ၊အမ်းမြို့နယ်တွေနဲ့ ဆက်သွယ်ရာမှာ အဓိက အချက်အချာကျတဲ့မြို့ဖြစ်ပြီး  ပြည်မြို့နဲ့ ဆက်သွယ်ရာမှာလည်း အချက်အချကျတဲ့ မြို့ဖြစ်ပါတယ်။

တောင်ကုတ်မြို့ဟာ တောင်ကုတ်ဒီဂရီကောလိပ်ဖွင့်လှစ်ပြီးနောက် မှာ ပိုစည်ကားလာတာဖြစ်ပြီး ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမှာ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေးအတွက် ကောင်းမွန်တဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
 
ရုပ်သံ  - မောင်ကံ

Saturday, November 18, 2017