7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Fri, 2017-11-17 19:04 -- zaythu

 ၁ ။ ငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်ပုံရိုက်ဖို့ အစိုးရကိုတိုက်တွန်းတဲ့အဆို လွှတ်တော်အတည်ပြု

လာမယ့်အနာဂတ်မှာ ရိုက်မယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံရိုက်နှိပ်ပြီး ထုတ်ဝေဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ဒီကနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ရဲ့ သဘောထားရယူရာမှာတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတို့က ကန့်ကွက်မဲပေးခဲ့ပေမယ့် ထောက်ခံသူများတာကြောင့် အဆိုကို လွှတ်တော်က အတည်ပြု ပေးလိုက်တာပါ။

အဆိုကို အတည်မပြုခင်တော့ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးရာမှာ ရှစ်ဦးက အဆိုကို ထောက်ခံခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကတော့ အကြံပြု ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်မှာတော့ ငွေစက္ကူ အသစ်ကို ဒီဇိုင်းအသစ်နဲ့ ရိုက်နှိပ်ထုတ်ဝေမယ်ဆိုရင် လက်ရှိ နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေပမာဏနီးပါး ပြည့်မီအောင် အချိန်ယူ အစားထိုးဖြန့်ဝေရမှာဖြစ်တဲ့အကြောင်း ပါဝင်ပါတယ်။

ဒါအပြင် ငွေကြေးစနစ်ကို ပုံဖော်ရာမှာ ငွေကြေးပေါ်က အမှတ်တံဆိပ်တွေကို ပြောင်းလဲခြင်းထက် ငွေကြေးတန်ဖိုး ခိုင်မာအောင်လုပ်ခြင်းက ပိုပြီး အခြေခံကျတာကိုတွေ့ရပြီး နိုင်ငံရဲ့စီးပွား နှေးကွေးနေချိန်မှာ မဆောင်ရွက်သင့်ဘူးလို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က အကြံပြုတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုအပြီးမှာတော့ ဗဟိုဘဏ်က သဘောထားပေးရာမှာလည်း အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သဘောအတိုင်း အတည်ပြုပေးဖို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အဲဒီနောက်မှာ အဆိုကိုလွှတ်တော်ရဲ့ သဘောထားရယူရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ကတော့ ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

ဒါပေမယ့် ကန့်ကွက်မဲက ၁၀၉ မဲသာရှိပြီး ကြားနေမဲမရှိဘဲ ထောက်ခံမဲ ၂၈၆ မဲ ရှိတာကြောင့် ထောက်ခံသူများလို့ အဆိုကို လွှတ်တော်က အတည်ပြုပေးလိုက်တာပါ။

၂ ။ မီးလောင်သွားတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးအာမခံ ကျပ်သန်း ၇၀၀ နီးပါးရ

မီးလောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အတွက် မီးအာမခံလျော်ကြေးငွေ ကျပ် သန်း ၆၉၂ သန်းကို ဒီကနေ့မှာ မြန်မာ့အာမခံလုပ်ငန်းက ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီလို အာမခံလျော်ကြေးပေးတာကိုတော့ ဟိုတယ်မီးလောင်ပြီး ၂၈ ရက်အကြာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်မှာ ပြုလုပ်ခဲ့တာပါ။

ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အနေနဲ့ မြန်မာအာမခံလုပ်ငန်းမှာ ၂၀၁၂ ခုနှစ်ကတည်းက မီးအာမခံ ထားရှိထားတာဖြစ်ပြီး ပင်မအဆောက်အဦး လေး လုံးအတွက် အာမခံထားရှိငွေ ကျပ် ၈၅၅ သန်း၊ ဘန်ဂလို အဆောက်အဦး ခြောက်လုံးအတွက်ကိုတော့ အာမခံထားရှိငွေ ကျပ် ၇၂ သန်းနဲ့ ထားရှိတာပါ။

မီးလောင်ရာမှာတော့ ပင်မအဆောက်အဦး လေးလုံးအနက် Hotel အဆောက်အဦးနဲ့ Club အဆောက်အဦး နှစ်ခုကသာ မီးလောင်ပျက်စီးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဟာ ၀ါယာကြိုးအပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းခဲ့ရတာ ဖြစ်ပြီး၊ မီးလောင်ကျွမ်းချိန် သုံးနာရီကျော်ကြာမြင့်ခဲ့တာပါ။ မီးလောင်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ အခန်းပေါင်း ၁၈၅ ခန်း ရှိပြီး၊ မီးလောင်ကျွမ်းပြီးတဲ့နောက်မှာတော့ အခန်းပေါင်း ၄၀ လောက်ပဲ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အဆောက်အဦးအသစ် ပြန်လည်တည်ဆောက်ဖို့ ဒီဇိုင်းပုံစံ ထွက်ရှိခဲ့ပေမယ့် စတင်ဆောက်လုပ်မယ့် အချိန်ကိုတော့ မသိရသေးပါဘူး။

၃။ ဘင်္ဂါလီ အရေးညှိနှိုင်းဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာမယ်

ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

အခု သီတင်းပတ်ကုန်မှာ မစ္စတာဝမ် အနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး တိမ်းရှောင်ခဲ့တာတွေရှိခဲ့တာပါ။

ဒီဖြစ်ရပ်အပေါ် နိုင်ငံတကာ အာရုံစိုက်မှုတွေ ကျရောက်လာသလို မြန်မာအစိုးရအပေါ် ဝေဖန်မှု တချို့လည်း ထွက်ပေါ်လာပါတယ်။ တရုတ်ကတော့ ဘင်္ဂါလီ အရေးမှာ မြန်မာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို ကာကွယ် ရပ်တည်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂန်ရှူအန်းက မစ္စတာဝမ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်မှာတော့ မစ္စတာဝမ်ဟာ နေပြည်တော်မှာ ကျင်းပမယ့် အာရှနဲ့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို တက်ရောက်ဖို့လည်း စီစဉ်ထားပါတယ်။

ဝန်ကြီးဌာန ကြေညာချက်မှာ မစ္စတာဝမ်ရဲ့ ခရီးစဉ်ကို ဘင်္ဂါလီ ပြဿနာအတွက်လို့ မဖော်ပြဘဲ ဒေသတွင်း တည်ငြိမ်မှုအတွက် အဓိက ရည်ရွယ်တယ်လို့သာ ဖော်ပြထားပါတယ်။

အခုသီတင်းပတ်ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကလည်း နေပြည်တော်ကို ရောက်ရှိလာပြီး ဘင်္ဂါလီ ပြဿနာနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၎။ ဘာလီကျွန်းမှာ အကြမ်းဖက် တိုက်ခိုက်မှု တုံ့ပြန်ရေး လက်တွေ့ လေ့ကျင့်

အကြမ်းဖက် တိုက်ခိုက်မှု ကြုံလာချိန်မှာ လုပ်ဆောင်ရမယ့် အခြေအနေတွေအတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ လက်တွေ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ လေ့ကျင့်မှုမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ မီးသတ်နဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ၊ လေကြောင်း လုံခြုံရေး အရာရှိတွေ ချိတ်ဆက် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ ဓားနဲ့ တိုက်ခိုက်မှု၊ သေနတ်သမားတွေ စီးနင်းမှု၊ ဒါမှမဟုတ် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ကြုံလာရင် အမှန်ကန်ဆုံး တုံ့ပြန် စီမံနိုင်ဖို့ စုပေါင်း လေ့ကျင့်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘာလီကျွန်းဟာ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာ အထင်ကရ အခမ်းအနားကြီး နှစ်ခုအဖြစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ ညီလာခံနဲ့ ကမ္ဘာ့ဘဏ် အစည်းအဝေးတွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လုံခြုံရေး အစီအမံတွေကို မြှင့်တင် ပြင်ဆင်နေတာပါ။

ဘာလီကျွန်းဟာ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဆိုးရွားလွန်းတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ကြုံခဲ့ဖူးပါတယ်။ ၂၀၀၂ ခုနှစ် ဘာလီကျွန်း တိုက်ခိုက်မှုကတော့ ပိုမို ရက်စက် ပြင်းထန်ခဲ့ပြီး အသေခံ ဗုံးခွဲမှု၊ ကားဗုံးဖောက်ခွဲမှုတွေကြောင့် ၂၀၄ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

Friday, November 17, 2017