ရခိုင်အရေးအစီရင်ခံစာ ၃ ခုထဲက တူတဲ့အချက်တွေ အရင်လုပ်သင့်တယ်လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ်ပြော

Fri, 2017-11-17 18:59 -- zaythu

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ၂၀၁၂၊ ၂၀၁၆ နဲ့ အခုနောက်ဆုံးထုတ်ပြန်ထားတဲ့ ကိုဖီအာနန်ကော်မရှင် အစီရင်ခံ အစရှိတဲ့ အစီရင်စာ ၃ ခုလုံးကို ပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပါက ရခိုင်ပြည်နယ်ရေးကိစ္စဟာ ပိုအဆင်ပြေနိုင်တယ်လို့ ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။
 
ဒီကနေ့ Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ ရခိုင်အရေးနဲ့ လုံခြုံရေးအမြင် ဆွေးနွေးပွဲအပြီး  မီဒီယာတွေရဲ့ မေးမြန်းမှုကို ဦးရဲထွဋ်က ဖြေကြားခဲ့တာပါ။ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ ၃ စောင်မှာ တူညီတဲ့အချက်တွေရှိတာကြောင့် အဲဒီအချက်တွေကို အရင်လုပ် ဆောင်မယ်ဆိုရင် ပိုကောင်းမွန်လာနိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
 
ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာတော့ ဦးရဲထွဋ်က ရခိုင်အရေးနဲ့ ပတ်သတ်ပြီး ဖြစ်ပွားခဲ့တဲ့  ခုနှစ်အဆင့်ဆင့်တွေ၊ ဖြစ်ပေါ်လာပုံတွေနဲ့ အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ကောက်ခံရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး၊ ရခိုင်ပြည်နယ်အရေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာကို အကြံပြု တင်ပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအစိုးရ အနေနဲ့ ရခိုင်ပြည်သူတွေ၊ ရခိုင် အရပ်ဖက်အဖွဲ့အစည်းတွေအပြင်  ရခိုင်ပြည်နယ်က ဘာသာ ရေး ခေါင်းဆောင်တွေနဲ့ တွေဆုံပြီး၊ စကားပြောသင့်တယ်လို့လည်း ဦးရဲထွဋ်က ပြောပါတယ်။ အခုပြောဆိုခဲ့တဲ့ စာတမ်းကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အစိုးရအဖွဲ့တွေဆီကိုတော့ ပေးပို့သွားဖို့ မရှိဘူးလို့လည်း ဦးရဲထွဋ်က မီဒီယာတွေကို ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက် - ယဉ်မွန်

Friday, November 17, 2017