မီးလောင်သွားတဲ့ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို အာမခံကြေး ကျပ်သန်း ၆၉၂ သန်းပေးလျော်

Fri, 2017-11-17 17:04 -- zaythu

မီးလောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ဟာ မီးအာမခံ ထားထားတဲ့အတွက် အာမခံလျော်ကြေးငွေ ကျပ် သန်း ၆၉၂ သန်းကို ဒီကနေ့မှာ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။
 
အဲဒီလို အာမခံလျော်ကြေးပေးတာကိုတော့  ဟိုတယ်မီးလောင်ပြီး ၂၈ ရက်အကြာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက   မြန်မာ့အာမခံ လုပ်ငန်းရုံးချုပ်မှာ  ပြုလုပ်ခဲ့တာပါ။
 
ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် အနေနဲ့ မြန်မာအာမခံလုပ်ငန်းမှာ ၂၀၁၂ ခုနှစ်ကတည်းက မီးအာမခံ ထားရှိထားတာဖြစ်ပြီး  ပင်မ အဆောက်အဦး လေးလုံးအတွက် အာမခံထားရှိငွေ ကျပ် ၈၅၅ သန်း၊ ဘန်ဂလို အဆောက်အဦး ခြောက်လုံးအတွက်ကိုတော့ အာမခံထားရှိငွေ ကျပ် ၇၂ သန်းဖြင့် ထားရှိထားတာပါ။ မီးလောင်ရာမှာတော့ ပင်မအဆောက်အဦး လေးလုံးအနက် Hotel အဆောက်အဦးနဲ့ Club အဆောက်အဦး နှစ် ခုကသာ မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဟာ တပ်ဆင်ထားတဲ့ ၀ါယာကြိုးအပူလွန်ကဲရာမှ စတင်မီးလောင်ကျွမ်းခဲ့ရတာဖြစ်ပြီး၊ မီးလောင်ကျွမ်းချိန် သုံးနာရီကျော်ကြာမြင့်ခဲ့တာလဲ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် လူ နှစ် ဦးသေဆုံးခဲ့ပြီး၊ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ အခန်းပေါင်း ၁၈၅ ခန်း ရှိပြီး၊ မီးလောင်ကျွမ်းပြီးတဲ့နောက်မှာတော့ အခန်းပေါင်း ၄၀ လောက်ပဲ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အဆော်အဦးအသစ်ပြန်လည်တည်ဆောက်ဖို့ ဒီဇိုင်းပုံစံ ထွက်ရှိခဲ့ပေမယ့် စတင်ဆောက်လုပ်မယ်အချိန်ကိုတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Friday, November 17, 2017