7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Tue, 2017-11-14 19:01 -- zaythu

 ၁။ အကြမ်းဖက်သမား တစ်ထောင်ကျော်ရဲ့စာရင်းကို ဘင်္ဂလားဒေ့ရှ်ကိုပေးပို့ထား

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသက အကြမ်းဖက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်သမား တစ်ထောင်ကျော်ရဲ့ စာရင်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးပို့ထားတယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်သမားတွေဟာ ရခိုင်ြပည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေ ဖြစ်တာကြောင့် အမြန်ဆုံးဖမ်းဆီးပေးဖို့ အတွက် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်မှာတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမားတွေကို အမြန်ဆုံး ဖမ်းပေးဖို့တောင်းဆိုလိုက်တာလို့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနက ဌာနကြီးမှူးဖြစ်သူ ရဲမှူးချုပ်အောင်ဌေးမြင့်က ပြောပါတယ်။

ဒီတောင်းဆိုမှုကိုသာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အနေနဲ့ တကယ်ပူပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် မကြာခင်မှာ အကြမ်းဖက်သမားတွေကို ဖမ်းဆီးနိုင်မှာကို ယုံကြည်တယ်လို့ ရဲမှူးချူပ် အောင်ဌေးမြင့်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံဖို့အတွက် မူဘောင်သဘောတူညီချက် MOU ကိုလည်း မကြာခင်မှာလည်း ရေးထိုးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီလို လက်ခံတဲ့နေရာမှာတော့ အကြမ်းဖက်သမားတွေ ပါဝင်လာခြင်းမရှိအောင် စီမံထားတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်နေသူ ခြောက်သိန်းခန့်ရှိတယ်ဆိုတဲ့ အချက်အလက်တွေကလည်း မှားယွင်းနေတာကြောင့် စာရင်းကိုလည်း ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

၂။ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေက ဘာသာရေးကို နိုင်ငံရေးအရ အသုံးပြုတာ မဟုတ်ဘူးလို့ ဒီချုပ်တုံ့ပြန့်

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေဟာ နိုင်ငံရေးအရ အကျိုးရှိဖို့ အတွက် ဘာသာရေးကို အလွဲသုံးတာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောလိုက်ပါတယ်။

ဒါ့အပြင် ဒီဆုတောင်းပွဲတွေက ဘာသာရေးကို အလွဲသုံးစား လုပ်နေတယ်ဆိုတဲ့ သုံးနှုန်းမှုတွေကလည်း လွဲနေတယ်လို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။ ဒါကတော့ မနေ့က နိုဝင်ဘာလ ၁၃ ရက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၂၇ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေနဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် တရက်မှာ ဦးဥာဏ်ဝင်းက ပြောလိုက်တာလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပနေတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေဟာ ပါတီခေါင်းဆောင်ရဲ့ ပုံရိပ်ကို မြှင့်တင်ပြီး ထောက်ခံမှုများ ရရှိစေမယ့် နိုင်ငံရေး ဆုတောင်းပွဲသာ ဖြစ်တယ်လို့ မှတ်ယူဖွယ်ရာရှိနေတာကြောင့် အဲဒီ့လှုပ်ရှားမှုက နိုင်ငံရေးအရ ဘာသာ သာသနာကို အလွဲသုံးစားပြုရာ ရောက်တယ်လို့ သုံးသပ်ကြောင်း နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေမှာ နိုင်ငံရေး ပရိယာယ်များ ထည့်သွင်းဆောင်ရွက်နေမှုကို ကန့်ကွက်ကြောင်း၊ ဒါ့အပြင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်နေတဲ့ နိုင်ငံရေးပါတီကိုလည်း ဥပဒေနဲ့အညီ အရေးယူရမယ်လို့ အဲဒီကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

ဘာသာပေါင်းစုံဆုတောင်းပွဲလုပ်တာတွေကို သီးခြားပြောစရာ မရှိပေမယ့် အဲဒီ့ဆုတောင်းပွဲမှာ ပါတီနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်တာက ဥပဒေနဲ့ညှိနေတယ်လို့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြောရေးဆိုခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီ ၂၇ ပါတီရဲ့ ပူးတွဲ သဘောထား ကြေညာချက်ကိုတော့ နိုင်ငံတော် သမ္မတရုံးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

၃။ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ဖို့စီစဉ်ထား

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ နေပြည်တော်နဲ့ ရန်ကုန်မှာ တွေ့ဆုံပွဲတွေ ပြုလုပ်မယ်လို့ ကနဦးသိရပါတယ်။

နေပြည်တော်က MICC - 2 မှာတော့ သံတမန်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်က ကျိုက္ကဆံကွင်းမှာတော့ ရိုမန်ကတ်တလစ် ဘာသာဝင်တွေနဲ့ တွေ့ဆုံမယ်လို့ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် အတွက် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဖာသာရ်မာရီရာနိုစိုးနိုင်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာအခုလ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းရေး ခရီးစဉ်လို့ အမည်ပေးထားတာပါ။

နိုဝင်ဘာ ၂၉ရက်နေ့ ရန်ကုန် ကျိုက္ကဆံကွင်းမှာ ပြုလုပ်မယ့် ပုပ်ရဟန်းမင်းကြီးနဲ့ လူထုတွေ့ဆုံပွဲမှာ လူနှစ်သိန်းနီးပါး တက်ရောက်ဖို့ ကတ်သလစ်ဘာသာရေးခေါင်းဆောင်တွေက ခန့်မှန်းထားကြပါတယ်။

မူလက ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခု ကျင်းပဖို့ စီစဉ်ထားပေမယ့် အခုတော့ အချိန်အကန့်အသတ်ကြောင့် မလုပ်ဖြစ်တော့ဖူးလို့ ဖာသာရ်မာရီရာနိုစိုးနိုင်က ပြောပြပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံခရီးစဉ် အပြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

၎။ အင်ဒိုနီးရှားမှာ ဝေလငါးတွေ ကမ်းတင်သေဆုံးတဲ့ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ဖို့ စီစဉ်

ဝေလငါးတွေ သောင်တင် သေဆုံးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အာချေးပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က ဧရာမ စပမ်းဝေလငါးကြီး ၁၀ ကောင် ကမ်းတင်ပြီး ဒုက္ခကြုံနေခဲ့တာကြောင့် ဒေသခံတွေနဲ့ စေတနာ့ ဝန်ထမ်းတွေက ကြိုးစားပြီး ကယ်ဆယ်ခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှာတော့ ဝေလငါး ၆ ကောင်ကို ပင်လယ်ထဲ ပြန်ရောက်အောင် ကူညီနိုင်ခဲ့ပေမယ့် ၄ ကောင်ကတော့ သေဆုံးသွားရှာပါတယ်။

ဝေလငါးတွေကို ကြိုးနဲ့တွဲချည်ပြီး ကင်းလှည့်ရေယာဉ်တွေ အကူအညီနဲ့ ပင်လယ်ဘက် ဆွဲယူခဲ့ကြတယ်လို့ ဒေသခံ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ လောလောဆယ်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်းဝင် နို့တိုက် သတ္တဝါကြီးတွေ ဘာကြောင့် ကမ်းခြေ ရေတိမ်ပိုင်းကို မျက်စိလည်ပြီး သောင်တင်လာခဲ့သလဲ ဆိုတာကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

၂၀၁၆ ခုနှစ် အတွင်းကလည်း လမ်းပြဝေလငါး ၂၆ ကောင်ပါတဲ့ အုပ်စုဟာ ဂျာဗား အရှေ့ဘက် ကမ်းခြေက လမုတောတွေကြားမှာ ပိတ်မိနေခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ တံငါသည်တွေရဲ့ ကူညီမှုနဲ့အတူ ပင်လယ်ဘက်ကို ပြန်ထွက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ 

Tuesday, November 14, 2017