ပေါ်တူဂီမှာ တောမီးလောင်ရာကနေ မီးလျံ လေဆင်နှာမောင်းငယ်တစ်ခု ဖြစ်ပေါ်

Sat, 2017-10-21 14:13 -- zaythu
ပေါ်တူဂီ နိုင်ငံမှာ တောမီးလောင်ကျွမ်းရာကနေ မီးလျံ လေဆင်နှာမောင်းငယ်တစ်ခု ဖြစ်ပေါ်လာပုံကို မီးသတ်သမားတွေက မှတ်တမ်းဗီဒီယို ရိုက်ယူနိုင်ခဲ့ပါတယ်။
 
အိုင်ဘရီယန် ဒေသမှာ တောမီးတွေ ကူးစက်လောင်ကျွမ်းနေရင်း ခြောက်သွေ့ အားကောင်းတဲ့ လေပွေ ဝှေ့ယမ်း တိုက်ခတ်မှုနဲ့အတူ မီးတောက်လောင်နေတဲ့ လေဆင်နှာမောင်းငယ်တစ်ခု ဖြစ်ပေါ်ခဲ့တာပါ။
 
ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းမှာ အခုသီတင်းပတ် အစောပိုင်းက စတင်လောင်ကျွမ်းတဲ့ တောမီးတွေကြောင့် သေဆုံးသူ ၄၁ ဦးထက်မနည်း ရှိခဲ့ပါပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ အခုနှစ်အတွင်း တောမီးကြောင့် အသေအပျောက် အရေအတွက်က ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
 
အိုင်ဘရီယန်နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ ရာသီဥတု ပူပြင်းပြီး လေတိုက်နှုန်း ပြင်းထန်နေတဲ့အတွက် မီးကို ထိန်းချုပ်ဖို့ ခက်ခဲနေဆဲပါ။ အခုနှစ်အတွင်း ပေါ်တူဂီမှာ တောမီးကြောင့် ပြာကျဆုံးရှုံးသွားတဲ့ မြေပြင်ဧရိယာ စုစုပေါင်း ဧက ၁.၄ သန်းကျော် ရှိခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
 
Saturday, October 21, 2017