ဇေယျာဖြိုးရဲ့ နေအိမ်ကသိမ်းဆည်းသွားတဲ့သက်သေတချို့မပါလာတဲ့အတွက် တရားခွင်မှာမေးခွန်းထုတ်

Sat, 2017-10-21 12:35 -- zaythu
ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဇေယျာဖြိုးရဲ့ နေအိမ်ကနေ သက်သေအဖြစ် သိမ်း ဆည်းထားတဲ့ သက်သေတွေထဲက အချို့ဟာ တရားရုံးကို တင်သွင်းတဲ့ သက်သေခံပစ္စည်းစာရင်းမှာ မပါ တာကြောင့် ဒီကနေ့ တရားခွင်မှာ ဇေယျာဖြိုးရဲ့ ရှေ့နေက မေးမြန်းခဲ့တယ်လို့သတင်းရရှိပါတယ်။
 
ရဲတပ်ဖွဲ့က ဇေယျာဖြိုးနေအိမ်မှာ ရှာဖွေသက်သေတွေ ဝင်ရောက် ရှာဖွေတဲ့အခါမှာ ငွေကျပ် တစ်သောင်းတန် ဆယ်သိန်းအုပ် ငါးအုပ် အပြင် နေအိမ်ဂရံတွေနဲ့ ဇေယျာဖြိုးရဲ့ ဆေးမှတ်တမ်းတွေပါ သိမ်းယူသွားပေမယ့် လက်ရှိတင်ပြတဲ့ သက်သေစာရင်းမှာ မပါဝင်လာတဲ့အတွက် အခုလို မေးမြန်းရတာ ဖြစ်တယ်လို့ ဇေယျာဖြိုးရဲ့ ရှေ့နေ ဒေါ်ပပဝင်းက အခုလို ဆိုပါတယ်။
 
ဇေယျာဖြိုးနေအိမ်ကနေ သိမ်းယူသွားတဲ့ ငွေကြေးတွေနဲ့ ပတ်သက်ပြီး ဇေယျာဖြိုးရှေ့နေက သက်သေသိမ်းယူရာမှာ ပါဝင်ခဲ့တဲ့ ရဲအုပ် ဇော်ဇော်ထွန်းကို တရားခွင်မှာ မေးမြန်းတဲ့အခါ သိမ်းဆည်းခဲ့ခြင်း မရှိဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီလို တရားခွင်မှာ မေးမြန်းတာနဲ့ပတ်သက်ပြီးတော့ တရားလိုရှေ့နေ့ဦးခင်မောင်ဌေးက အခုလိုပြောပါတယ်။
 
ဇေယျာဖြိုးဟာ ဦးကိုနီ လုပ်ကြံခံရမှုမှာ နောက်ကွယ်ကနေ စေခိုင်းသူတစ်ဦး အဖြစ် စွပ်စွဲဖမ်းဆီး တရားစွဲခံထားရသူ တစ်ဦး ဖြစ်ပြီး ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုပြ သက်သေ သုံးဦးကို ထပ်မံ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။စစ်ဆေးတဲ့ သက်သေတွေက ရဲအုပ်ဇော်ဇော်ထွန်း၊ တာမွေလေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြသိန်းနဲ့ ရာအိမ်မှူး ဦးဝင်းသိန်းတို့ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
 
အခုဆိုရင် ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ အယောက် ၈၀ အနက် သက်သေ ၅၀ စစ်ဆေးပြီးပြီလို့ သိရပါတယ်။
 
ရုပ်သံ သတင်းထောက်- အလှလေး သူဇာ
 
 
Saturday, October 21, 2017