7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Mon, 2017-10-16 19:29 -- zaythu

 (၁) ဦးဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်တဲ့ နေရာတွေကနေ စုစုပေါင်း သေနတ် ၁၁ လက်တွေ့ရှိ

မနေ့က နေပြည်တော်လေဆိပ်မှာ မိတဲ့ သေနတ်တွေ အပါအဝင် ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ဟိုတယ်နဲ့ ရန်ကုန်က ကုမ္ပဏီတွေကို ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရာမှာ စုစုပေါင်း သေနတ် ၁၁ လက် သိမ်းဆည်းမိတယ်လို့ စုံစမ်းသိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ နေပြည်တော်လေဆိပ်မှာ သေနတ်နှစ်လက်၊ နေပြည်တော်က ဟိုတယ် ACE မှာ သေနတ် ၇ လက်နဲ့ ကျည်ဆန်တွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ACE ကုမ္ပဏီမှာ ဝင်ရောက်ရှာဖွေရာမှာတော့ နောက်ထပ် သေနတ်နှစ်လက်၊ မူးယစ်ဆေးဝါးအချို့ ဒရုန်းသုံးစင်းနဲ့ လုံခြုံရေး အဝတ်အစားအချို့ တွေ့ရှိခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

အခုလို လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိမှုနဲ့ ပက်သက်ပြီး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းကို မူးယစ်ဥပဒေ၊ လက်နက်ဥပဒေတွေနဲ့ အရေးယူသွားဖို့ရှိတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှုးရုံးက ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားခဲ့ပါတယ်။

လက်နက်တွေကို ဘယ်ကနေရရှိတယ်ဆိုတာနဲ့ လက်နက်တွေထားရှိတဲ့ ရည်ရွယ်ချက်စတဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်က ဟိုတယ် ACE ဝင်းထဲမှာ National Security Force အမျိုးသားလုံခြုံရေးတပ်ဖွဲ့ တံဆိပ်တပ်ဆင်ထားတဲ့ ကားတွေကို တွေ့ရှိခဲ့ပေမယ့် ဒါတွေက လုပ်ငန်းသုံးကားတွေဖြစ်လို့ မသိမ်းဆည်းဘူးလို့ ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။

(၂) တောင်ကြီးမီးပုံးပျံပြိုင်ပွဲမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်စေမယ့် သရုပ်ဖော်ပုံတွေကို ခွင့်မပြု
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲဝင် မီးပုံးပျံကိုယ်ထည်နဲ့ အောက်ဆွဲတွေမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်စေနိုင်မယ့် သရုပ်ဖော်ပုံ၊ ဒီဇိုင်းနဲ့ အောက်ဆွဲတွေ ရေးဆွဲခွင့်မပြုဘူးလို့ စည်းကမ်းထုတ်ထားကြောင်း သတင်းရရှိပါတယ်။
ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့အပြင် ဘာသာရေးအခြေခံပြီး နှစ်စဉ်၊ အေးအေးချမ်းချမ်း အောင်မြင်အောင် ကျင်းပခဲ့တဲ့ ပွဲတော်ဖြစ်လို့ မလိုလားအပ်တဲ့ ပြင်ပ ပရောဂ အမှောင့်တွေ မဖြစ်ပေါ်လာစေဖို့ စည်းကမ်းချက် သတ်မှတ်ထားတာလို့ ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာသန်းဝင်းက ပြောပါတယ်။
စည်းကမ်းသတ်မှတ်ချက်ကို လိုက်နာမှုမရှိရင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကနေ ၃ နှစ် ကနေ ၅ နှစ်အထိ ထုတ်ပယ်ခြင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ ကလည်း တရားဥပဒေ လမ်းကြောင်းအရ အရေးယူမယ်လို့ ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်များ အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
မီးပုံးပျံပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် မီးပုံးပျံကိုယ်ထည် ဒီဇိုင်းတွေကို ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံ ပညာရှင်များ အသင်း၊ ဒိုင်အဖွဲ့က ကွင်းဆင်း စစ်ဆေးချက်အရတော့ စည်းကမ်းတစ်ကျ လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့လည်း သိရပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၉ လုံး၊ နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၄လုံး၊ ခြေလေးချောင်း အရုပ် ၇၂လုံး၊ အရုပ်အုပ်စု ၅၀လုံး စုစုပေါင်း ပြိုင်ပွဲဝင် မီးပုံးပျံ အလုံးအရေအတွက် ၃၉၃ လုံး ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၁၀ ရက်တိုင်တိုင် တောင်ကြီးမြို့၊ အဝေရာ မီးပုံးပျံကွင်း ကျင်းပမှာ ဖြစ်ပါတယ်။

(၃) စလစ်ကပ်ကားအားလုံး ၂၀၁၈ မှာ ဘယ်မောင်းတစ်မျိုးတည်း တင်သွင်းရမယ်

၂၀၁၈ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့်ပြုရာမှာ အရင်က ဘယ်မောင်း/ညာမောင်း မရွေးဘဲခွင့်ပြုထားတဲ့ ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းယာဉ်တွေကို ဘယ်မောင်း တစ်မျိုးသာ တင်သွင်းခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

၂၀၁၇ အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ကြေညာလိုက်တဲ့ မော်တော်ယာဉ် တင်သွင်းခွင့်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ အမိန့်ကြေငြာစာ အမှတ်(၁/၂၀၁၇) ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ အရင်က ယာဉ်အိုယာဉ်ဟောင်းအစားထိုး အစီအမံဖြင့် တင်သွင်းခွင့်ပြုထားတဲ့ ကားအစားထိုး (စလစ်ကပ်ကား) တင်သွင်းယာဉ်တွေကို ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ရောက်ရှိနှစ်နှင့် ၄င်းနှစ်အောက် ၄ နှစ်နိမ့်) ထုတ်လုပ်တဲ့ ကားတွေကို ဘယ်မောင်းတစ်မျိုးတည်းသာ တင်သွင်းခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစားထိုးယာဉ်အဖြစ် တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေထဲက လူစီးမော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ် အားလုံးကို ယာဉ်အမျိုးအစား မခွဲခြားဘဲ ဘယ်မောင် တစ်မျိုးတည်းသာ တင်သွင်းခွင့် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကားတင်သွင်းခွင့်အရ လူစီးမော်တော်ယာဉ် - ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီ အောက်ကား - ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း၊ ကုန်တင်ယာဉ် - ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းနဲ့ ခရီးသည်တင်ယာဉ် - ၂၀၀၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဘယ်မောင်း/ ညာမောင်း ခွဲခြားမှုမရှိ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲက ၁၃၅၀ စီစီအောက် လူစီးကားတွေကိုသာ ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း ကားတွေကိုတော့ ဘယ်မောင်းတစ်မျိုးတည်းကို တင်သွင်းရမယ်လို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၈ မှာတော့ အမျိုးအစားနဲ့ အင်ဂျင်အရွယ်အစား ခွဲခြားချက်မရှိဘဲ ၂၀၁၈ မှာ ကားဟောင်း အစားထိုးတင်သွင်းလာတဲ့ ကားအားလုံးကို ဘယ်မောင်းတစ်မျိုးတည်းနဲ့ မော်ဒယ်သတ်မှတ်ချက် တပြေးညီ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၁၈ခုနှစ် ပြည်တွင်ကားဈေးကွက်ထဲမှာ ကားတင်သွင်းမှုနှုန်း သိသိသာသာ လျော့ကျလာနိုင်ပြီး တင်သွင်းထားပြီးကားတွေ ဈေးနှစ်ဆနီးပါး တက်လာနိုင်တယ်လို့ ကားဝယ်ရောင်းပွဲစားအချို့က ပြောပါတယ်။

(၄) စပိန်မှာ တောမီးတွေ ကူးစက်လောင်ကျွမ်းပြီး လူနေဧရိယာတွေကိုပါ ခြိမ်းခြောက်နေ

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသမှာ တောမီးတွေ ပြင်းပြင်းထန်ထန် ကူးစက်လောင်ကျွမ်းပြီး လူနေဧရိယာတွေကိုပါ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်ကစပြီး ဗီဂိုမြို့နဲ့ တခြား မြို့ငယ်တွေမှာ တောမီးတွေ ပျံ့နှံ့ကူးစက်မှု ပိုမို အရှိန်မြင့်လာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နီဂရန် မြို့အနီးမှာတော့ မီးကျွမ်းနေတဲ့ ကားတစ်စီးထဲမှာ သေဆုံးနေသူ နှစ်ယောက်ရဲ့ အလောင်းတွေကို မီးသတ်တပ်ဖွဲ့က ရှာတွေ့ခဲ့ပါတယ်။

တောမီး စတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ လောလောလတ်လတ် မသိရသေးပါဘူး။ မှတ်တမ်း ဗီဒီယိုတွေထဲမှာတော့ အဝေးပြေးလမ်း ဧရိယာအနီးထိ တောမီးတွေ ကူးစက်နေတာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

မီးသတ်တပ်ဖွဲ့က လက်ရှိ မီးလောင်ကျွမ်းမှုတွေကို ခြိမ်းခြောက်နိုင်စွမ်း ဒုတိယ အမြင့်ဆုံးအဆင့် သတ်မှတ်ထားပြီး မီးရှိန်ကို ထိန်းချုပ် ဟန့်တားနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း ကြေညာထားပါတယ်။ 

Monday, October 16, 2017

Top News