တောင်ကြီးမီးပုံးပျံပြိုင်ပွဲမှာ ဘာသာရေး၊လူမျိုးရေးပဋိပက္ခ ဖြစ်စေမယ့် သရုပ်ဖော်ပုံတွေကို ခွင့်မပြု

Mon, 2017-10-16 18:24 -- zaythu

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲဝင် မီးပုံးပျံကိုယ်ထည်နဲ့  အောက်ဆွဲတွေမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပေါ်စေနိုင်မယ့် သရုပ်ဖော်ပုံ၊ ဒီဇိုင်းနဲ့ အောက်ဆွဲတို့ကို ရေးဆွဲခွင့်ပြုမှာ မဟုတ်ဘူးလို့ သတင်းရရှိပါတယ်။

ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့အပြင် ဘာသာရေးကိုအခြေခံပြီး နှစ်စဉ်၊ အေးအေးချမ်းချမ်းအောင်မြင်အောင် ကျင်းပခဲ့တဲ့ ပွဲတော်ဖြစ်လို့  မလိုလားအပ်တဲ့  ပြင်ပ ပရောဂ အမှောင့်တွေ မဖြစ်ပေါ်လာစေဖို့ အတွက် စည်းကမ်းချက်သတ်မှတ်ထားတာလို့  ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်များအသင်း ဥက္ကဌ ဒေါက်တာ သန်းဝင်းကပြောပါတယ်။

စည်းကမ်းသတ်မှတ်ချက်ကို  လိုက်နာမှုမရှိရင်  တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကနေ ၃ နှစ် (သို့) ၅ နှစ်အထိ ထုတ်ပယ်ခြင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတို့ကလည်း  တရားဥပဒေလမ်းကြောင်းအရ အရေးယူမယ်လို့  ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်များအသင်းက သတင်းထုတ်ပြန်ထားပါတယ်။

မီးပုံးပျံပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့်  မီးပုံးပျံကိုယ်ထည် ဒီဇိုင်းတွေကို ရှမ်းပြည်နယ် ရိုးရာ မီးပုံးပျံပညာရှင်များအသင်း၊ ဒိုင်အဖွဲ့မှ ကွင်းဆင်း စစ်ဆေးချက်အရတော့  စည်းကမ်းတစ်ကျ လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့လည်း သိရပါတယ်။

မကြာခင်ကျင်းပတော့မယ့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ  ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၉ လုံး၊ နေ့လွှတ်အရုပ် ခြေ နှစ်ချောင်း ၁၄၄လုံး၊ ခြေ လေးချောင်း အရုပ် ၇၂လုံး ၊ အရုပ်အုပ်စု ၅၀လုံး စုစုပေါင်း ပြိုင်ပွဲဝင် မီးပုံးပျံ အလုံးအရေအတွက် ၃၉၃ လုံး ၀င်ရောက်ယှဉ်ပြိုင်မှာြ့ဖစ်ပါတယ်။ 

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို  အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ၁၀ ရက်တိုင်တိုင် တောင်ကြီးမြို့၊ အဝေယာ မီးပုံးပျံကွင်းတွင် ကျင်းပမှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-ဂျွန်ချစ်ငြိမ်း 

Monday, October 16, 2017