ရန်ကုန်တိုင်းက လယ်မြေဧက ၁၂ သိန်းမှာ အခြားသီးနှံတွေ အစားထိုးစိုက်ပျိုးနိုင်ဖို့ စီစဉ်နေ

Mon, 2017-09-25 17:55 -- zaythu

ရန်ကုန်တိုင်းဒေသကြီး အတွင်းက လယ်ယာမြေဧက ၁၂ သိန်းမှာ စပါးအစား အခြား သီးနှံ ပြောင်းလဲစိုက်ပျိုးနိုင်ဖို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ စိုက်ပျိုးရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ Master Plan တခုကို မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်းချုပ် အကူအညီနဲ့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တိုင်းအစိုးရအနေနဲ့ ငွေကျပ် ၇ ဘီလီယံကျော် အသုံးပြုပြီး လယ်ယာမြေ ဧက လေးထောင်ကျော်ကို  အဆင့်မြှင့် လယ်ယာကဏ္ဍ အဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့လဲ ဦးဖြိုးမင်းသိန်းက ပြေကြားခဲ့ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ လယ်ယာစိုက်ပျိုးရေးနေရာတွေမှာ စင်တာတွေ ဖွင့်လှစ်ပြီး စိုက်ပျိုးရေး နည်းပညာတွေ ဖြန့်ဝေတာ၊ ချေးငွေ အပါအဝင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပါ ပေးနိုင်ဖို့ ဆာင်ရွက်ပေးမယ်လို့လည်း ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားသွားပါတယ်။

ဒါ့အပြင် ညောင်နှစ်ပင် စိုက်ပျိုးရေး၊ မွေးမြူရေးဇုံကိုလည်း အဆင့်မြှင့်တင်နိုင်ဖို့ ဆောင်ရွက်သွားဖို့ ကြိုးစားသွားမှာ ဖြစ်ပြီး အဲဒီမှာလည်း စင်တာတခု ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Monday, September 25, 2017