7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Wed, 2017-09-13 19:01 -- zaythu

 (၁) ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောမယ်

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၁၉ ရက်နေ့မှာ နိုင်ငံတော် အခြေပြ မိန့်ခွန်းတစ်ရပ်ကို ပြောကြားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အဲဒီမိန့်ခွန်းကို နေပြည်တော်မှာ ပြောကြားမှာဖြစ်ပြီး ပြည်တွင်း ပြည်ပ မီဒီယာတွေ၊ နိုင်ငံတကာသံတမန်တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ခံရမှုအကြောင်းနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သွားမတက်ဖြစ်တဲ့အကြောင်းတွေကိုလည်း ရှင်းပြမယ်လို့ ကနဦး သိထားရပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်တဲ့ အကြောင်းရင်း ရှင်းလင်းတာကိုတော့ ဒီကနေ့ ညနေပိုင်းက နေပြည်တော်က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်တဲ့ အကြောင်းရင်း လေးချက်ရှိတယ်လို့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိ ဦးဇော်ဌေးက အဲဒီပွဲမှာ မီဒီယာတွေကို ပြောပါတယ်။

အဲဒီအချက်တွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ဒေသခံ တိုင်းရင်းသားတွေကို လူသားချင်းစာနာထောက်မှု အကူအညီပေးရမှာတွေ၊ ရခိုင်အရေးကို အကြောင်းပြုပြီး ပြည်တွင်းမှာ မတည်မငြိမ်မဖြစ်အောင် တည်ငြိမ်ရေး အလေးထားလုပ်ရတာတွေ၊ အကြမ်းဖက် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ရထားတာနဲ့ သမ္မတဦးထင်ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသနေတဲ့ အချက်တွေကြောင့်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ဖြစ်တော့ဘဲ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သွားမှာဖြစ်ပါတယ်။

(၂) သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ ရပ်တည်သွားမယ်လို့ ၈၈ ငြိမ်းပွင့်ပြော

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း အနေနဲ့ လက်ရှိ အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အတူ တသားတည်း ရပ်တည်သွားမယ်ဆိုတဲ့ သဘောထားကို ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သတင်းအမှားတွေနဲ့ အတူ နိုင်ငံတကာက က လက်ရှိအစိုးရကို ဝေဖန်နေတဲ့အချိန်မှာ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက သူတို့ရဲ့သဘောထားကို ထုတ်ပြလိုက်တာပါ။ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်က ရန်ကုန်မြို့မှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီရှင်းလင်းပွဲမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကြိုးပမ်းနေတဲ့ ကာလမှာ အစိုးရကို တစ်စုံတစ်ရာ အကျပ်အတည်းဖြစ်အောင်၊ အင်အားချိနဲ့အောင် ဝိုင်းပြီးလုပ်ကြံမယ်ဆိုရင် အကြီးအကျယ် မှားယွင်းလိမ့်မှာ ဖြစ်ကြောင်းနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ တသားတည်ရပ်တည်သွားမယ်လို့ ဦးဂျင်မီက ပြောခဲ့တာပါ။

အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဦးမင်းကိုနိုင်ကလည်း လက်ရှိ အချိန်ဟာ ချစ်ခြင်း၊ မုန်းခြင်းတွေကို ခွာချပြီး ကျောခြင်းကပ်ထားရမယ့် အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က စတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သတင်းအမှားတွေနဲ့ လက်ရှိ အစိုးရကို နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။ ပြည်တွင်းမှာလည်း အဲဒီအကြမ်းဖက်မှုကို အကြောင်းပြပြီး ကောလဟလ သတင်းအမှားတွေ လူမှုကွန်ရက်ကနေ ဖြန့်ဝေတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရှိခဲ့တာပါ။

(၃) ကျူး စာရင်းကောက်ရာမှာ အုပ်ချုပ်ရေးပိုင်းနဲ့ အဆင်မပြေလို့ကျန်ခဲ့တဲ့ကျူးခြောက်ရာကျော်ရှိ

ကျူးကျော်စာရင်း ကောက်ယူမှုမှာ အုပ်ချုပ်ရေးပိုင်းနဲ့ အဆင်မပြေလို့ကျန်ခဲ့တဲ့ ကျူးကျော်တွေ ရှိနေတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

အဲဒီလို ကျန်ခဲ့တဲ့ ကျူးကျော်တွေဟာ မြို့နယ်အစုံက ဖြစ်ပြီး ခြောက်ရာနီးပါးရှိနေတယ်လို့လည်း ဦးညီညီက ဆိုပါတယ်။ အဲဒီလို ကျန်ခဲ့ရတဲ့သူတွေကိုလည်း ကျူးကျော်စာရင်းမှာ ထပ်ထည့်ဖို့ အစီအစဉ်ရှိတယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်မှာ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးအပြီးမှာ ဦးညီညီက မီဒီယာကို ပြောခဲ့တာပါ။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ စီမံချက်နဲ့ ကျူးကျော်စာရင်း ကောက်ယူမှုတွေပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ အပြီးသတ် ကောက်ယူထားတဲ့ စာရင်းတွေကို စာရင်းသွင်းနေတဲ့လုပ်ငန်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စာရင်းကောက်ယူရာမှာ ကျန်ခဲ့တဲ့ကျူးကျော်တွေကို ထပ်ထည့်နိုင်ဖို့ ဝန်ကြီးချုပ်နဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေကို နှုတ်အားဖြင့် ပြောကြားထားတယ်လို့လည်း ဦးညီညီကပြောပါတယ်။

ဒီလို ထပ်ထည့်တဲ့နေရာမှာလည်း အမှန်တကယ် ကျူးကျော်နေထိုင်သူတွေကိုသာ စိစစ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မြို့နယ်၂၇မြို့နယ်မှာ ကျူးကျော်စာရင်းကောက်တာတွေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

(၄) ထိုင်းမှာ မှောင်ခိုလက်က ကယ်ဆယ်ထားတဲ့ ရှားပါး အော်ရန်ဂူတန်လေးတွေကို စောင့်ရှောက်ရေးဂေဟာပို့

မျိုးသုဉ်းလုနီးပါး အန္တရာယ် ရင်ဆိုင်နေရတဲ့ အော်ရန်ဂူတန်မျိုးစိတ် မျောက်ဝံငယ်လေး နှစ်ကောင်ကို မှောင်ခိုသမား လက်ထဲက ကယ်ဆယ်ပြီးတဲ့နောက် ထိုင်းနိုင်ငံက စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ အသက် ၂ နှစ်အရွယ်ရှိပြီး နီညိုရောင် အမွေးတွေနဲ့ ဆူမားတြား အော်ရန်ဂူတန် မျောက်ဝံလေး နှစ်ကောင်ဟာ ထိုင်းနိုင်ငံ အလယ်ပိုင်းက ခိုတရာဘက် စောင့်ရှောက်ရေး ဂေဟာကို ပထမဆုံးအကြိမ် ရောက်ရှိလာပါတယ်။ အဲဒီမှာ မျောက်ဝံလေးတွေကို ဂရုတစိုက် မွေးမြူပြီး အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာအောင် ပြုစု ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

မျောက်ဝံလေးတွေဟာ အထီးတစ်ကောင်၊ အမတစ်ကောင်ဖြစ်ပြီး တရားမဝင် တိရစ္ဆာန် မှောင်ခိုရောင်းဝယ်သူ တစ်ဦးလက်ကနေ တခြား ရှားပါး သားရိုင်းတိရစ္ဆာန်တွေနဲ့အတူ ကယ်ဆယ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းပြီး အသက် ၆၃ နှစ်အရွယ် မလေးရှား နိုင်ငံသား တစ်ဦးကို ထိုင်းအကောက်ခွန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

မျောက်ဝံလေး နှစ်ကောင်ကို စောင့်ရှောက်ရေး ဂေဟာက တခြား ငယ်ရွယ်တဲ့ အော်ရန်ဂူတန်လေးတွေနဲ့ အတူရောနှော မွေးမြူထားမှာ ဖြစ်ပါတယ်။ ဒီမျောက်ဝံလေးတွေကို ဇာတိနိုင်ငံ အင်ဒိုနီးရှားကို ပြန်ပို့ဖို့ လတ်တလောမှာတော့ အစီအစဉ် မရှိသေးဘူးလို့လည်း သိရပါတယ်။ 

Wednesday, September 13, 2017