YBS ယာဉ်လိုင်းပေါ် တုတ်ကိုင်တက်လာပြီး ပိုက်ဆံ တောင်းယူခဲ့သူနှစ်ဦးကို ဖမ်းမိ

Thu, 2017-08-24 11:20 -- zaythu

လှိုင်သာယာမြို့နယ်အတွင်းမှာ YBS ယာဉ်လိုင်းနံပတ် ၂၀ က ယာဉ်တစ်စီးပေါ်ကို တုတ်ကိုင်တက်လာပြီး ပိုက်ဆံတောင်းယူခဲ့တဲ့ အမျိုးသားနှစ်ဦးကို ယမန့်နေ့  သြဂုတ်လ ၂၃ ရက် ညပိုင်းက ဖမ်းဆီးရမိပြီလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
 
သြဂုတ်လ ၂၁ ရက်  ညနေပိုင်းက အဲဒီအမျိုးသားနှစ်ဦးဟာ လှိုင်သာယာ မီးခွက်ဈေးမှတ်တိုင်မှာ YBSနံပတ် ၂၀ ယာဉ်ပေါ်ကို ဝါးတုတ်ကိုင်ဆောင်ကာ တက်လာပြီး ယာဉ်မောင်းထံကနေ ငွေကျပ်တစ်ထောင် တောင်းယူခဲ့တာပါ။ ယာဉ်မောင်းက ပိုက်ဆံသူ့ထံမှာ မရှိကြောင်းနဲ့ ပိုက်ဆံကို ပုံးထဲထည့်ပြီး ကားခထည့်စီးရကြောင်း ပြောဆိုချိန်မှာ ပိုက်ဆံမပေးပါက ရိုက်မယ်လို့ခြိမ်းခြောက်ပြီး ခရီးသည်နှစ်ဦးထံက ငွေလေးရာကို ယူဆောင်သွားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
လူမှုကွန်ရက်မှာတော့ ယာဉ်အတွင်း တပ်ဆင်ထားတဲ့ CCTVမှတ်တမ်းဟာ ပျံ့နှံ့နေပြီး အဲဒီ့လူနှစ်ယောက်က လိုက်ပါစီးနင်းတဲ့ ခရီးသည်တွေထံကနေ ပိုက်ဆံတောင်းယူတာတွေကို  မြင်တွေ့ရပါတယ်။ ပြစ်မှုကျူးလွန်သူနှစ်ဦးကို ယာဉ်လိုင်းပိုင်ကုမ္ပဏီရဲ့ တိုင်ကြားမှုအရ လှိုင်သာယာ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ-၃၈၆ နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Thursday, August 24, 2017

Top News