မူကြိုကလေးငယ် ခြောက်ထောင်ကျော်ကို အားဖြည့်ဆန်အစားထိုး စကျွေး

Fri, 2017-08-18 18:34 -- zaythu

လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်မှာရှိတဲ့ မူကြိုကျောင်း ၅၁ ကျောင်းက ကလေးငယ် ခြောက်ထောင် ကျော်ကို ပုံမှန်ကျွေးနေကျ သမားရိုးကျ ဆန်နေရာမှာ အားဖြည့်ဆန် အစားထိုး ကျွေးမွေးတဲ့အစီအစဉ်ကို အခုလမှာ စတင်လိုက်ပြီလို့  သတင်းရရှိပါတယ်။
ကလေးငယ်တွေ အာဟာရပြည့်ဝစေဖို့လုပ်တဲ့ ဒီအစီအစဉ်ကို PATHနဲ့ အတူပူးပေါင်းဆောင်ရွက်တာ  ဖြစ်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းနဲ့ နေပြည်တော်တို့က မူကြိုကျောင်းတွေမှာရှိတဲ့ ကလေးပေါင်း ခြောက်  ထောင်ကျော်ကို စတင်ကျွေးမွေးတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျေးရွာတွေအထိပါ လုပ်ဆောင်သွားဖို့ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောပါတယ်။ အားဖြည့်ဆန်ဆိုတာဟာ အာဟာရဓာတ် ပါဝင်မှုမြင့်စေဖို့ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီ-၁၊ ဘီ-၃၊ဘီ-၆၊ဖောလစ်အက်စစ်၊ဘီ-၁၂နဲ့ဇင့်ဓာတ်တို့ဖြည့်စွက်ထားတဲ့ အာဟာရဖြည့်ဆန်စေ့ကို သမားရိုးကျဆန်နဲ့အချိုးကျ ရောစပ်ထားတဲ့ ဆန်ဖြစ်ပါတယ်။

ဒီအစီအစဉ်က  အသက် နှစ်နှစ်ကနေ ငါးနှစ်အရွယ်ကလေးတွေကို ဦးစားပေးကျွေးတာဖြစ်တယ်လို့ သိရပါတယ်။ မူကြိုကျောင်းတွေဟာ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတာကြောင့် အခုလိုဦးစားပေး ကျွေးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသုံးဦးမှာ  တစ်ဦးနှုန်း ပုညှက်နေပြီး ကလေးတွေရဲ့ ၅၈ရာခိုင်နှုန်းမှာ သွေးအားနည်းနေ တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စာရင်းများအရသိရပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၈ ရက်က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို ကျောင်း တွေမှာ ကလေးငယ်တွေကို အားဖြည့်ဆန်အစားထိုးကျွေးမွေးရေးမိတ်ဆက်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့တာပါ။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး 

Friday, August 18, 2017

Top News