ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်နှိမ်နင်းမယ်လို့အစိုးရထုတ်ပြန်

Sat, 2017-08-12 12:41 -- zaythu
ရခိုင်ပြည်နယ်အတွင်း ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတော်အစိုးရက ဥပဒေနဲ့ အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက က သြဂုတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
 
နိုင်ငံတော်အစိုးရ အနေနဲ့ တည်ဆဲဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေ နဲ့ အညီ သတိထား ပြီးဆောင်ရွက်နေတာကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေကို တိုးမြှင့်လုပ်လာတာကြောင့် ထိထိရောက်ရောက်နှိမ်နင်းသွားမှာဖြစ်ကာ အစွန်းရောက် အကြမ်းဖက်တွေနဲ့ အားပေးကူညီ သူတွေကိုပါ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပါရှိပါတယ်။
 
အရပ်သားတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေးပိုင်းကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နဲ့ပူးပေါင်းကာ ဆောင်ရွက်နေပြီး လိုအပ်တဲ့နေရာတွေမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ထုတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
 
သြဂုတ်လ ၉ရက်နေ့အထိ စာရင်းတွေအရ မောင်တောခရိုင်မှာ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၅၉ဦး၊ပျောက်ဆုံးသူ ၃၃ဦး ရှိခဲ့ပြီး မြို့ တိုင်းရင်းသား(၇)ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
 
ဒါတွေဟာနိုင်ငံသားစိစစ်ရေးလုပ်ငန်းနဲ့ဒေသတည်ငြိမ်ရေးတွေမှာအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လို့မရအောင် သတ်ဖြတ်ခြိမ်းခြောက်တာလို့ ယူဆရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
ရုပ်သံသတင်းထောက် - မြတ်သီဟမောင်
Saturday, August 12, 2017