7Day TV ရဲ့ ည၇နာရီသတင်း 7PM News တိုက်ရိုက်ထုတ်လွှင့်မှု

Mon, 2017-07-17 19:19 -- zaythu
(၁) IS အဖွဲ့ဝင်တစ်ဦးကို တွေ့ရင် သတင်းပေးပါဆိုတဲ့ ထုတ်ပြန်ချက် ရန်ကုန်တိုင်းက ထုတ်ပြန်တာမဟုတ်
 
ပြည်ပ အကြမ်းဖက် အဖွဲ့ (IS) အဖွဲ့ဝင်တစ်ဦးကို တွေ့ရင် သတင်းပေးတိုင်ကြားနိုင်တယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ထုတ်ပြန်ချက်ဟာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်တာ မဟုတ်ဘူးလို့ သတင်းရရှိပါတယ်။
 
ဒီကနေ့ ညနေ လေးနာရီလောက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသုံးပြုနေတဲ့ Yangon Police လို့ ခေါ်တဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တရားဝင် ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
 
ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ ပြည်ပ အကြမ်းဖက် အဖွဲ့နဲ့ ချိတ်ဆက်နေတဲ့ မြန်မာနိုင်ငံသား နှစ်ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
 
ရှမ်းပြည်နယ် မြောက်ပိုင်းက သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ရဲတပ်ဖွဲ့ ဖုန်းနံပါတ်ကို ငါးကြိမ်မြောက် ဆက်သွယ်ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
 
လက်ရှိအချိန်မှာ IS နဲ့ ပတ်သက်ပြီး ညွှန်ကြားချက်တွေ မရှိသေးဘဲ အာဇာနည်နေ့နီးတဲ့အတွက် လုံခြုံရေး သတိပြုဖို့နဲ့ လုံခြုံရေးတိုးမြှင့်ထားတယ်လို့သာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး သက်နိုင်က ပြောကြားခဲ့ပါတယ်။
 
(၂) ကြားဖြတ်ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းတယ်လို့ အစီရင်ခံစာတွေက ဖော်ပြ
 
၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက နည်းတာကို တွေ့ရတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။
 
ဒီကနေ့ ဇူလိုင်၁၇ရက်နေ့မှာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခဲ့တဲ့ အဖွဲ့၃ခုက အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
 
အဲဒီ့အစီရင်ခံစာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေက ကဏ္ဍအများစုမှာ အဆင်ပြေပေမယ့် လိုအပ်မှုတွေတော့ ရှိနေသေးတယ်လို့ ဖော်ပြထားတာပါ။
 
မဲဆန္ဒရှင် ပညာပေးခြင်းကဏ္ဍ၊ မဲစာရင်းပြုစုခြင်း ၊ကြိုတင်မဲပေးခြင်းနဲ့ မဲရေတွက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုသေးတယ်လို့ စောင့်ကြည့်လေ့လာရေး အဖွဲ့က မရွှေရည်ဝင်းက ပြောကြားခဲ့တာပါ။
 
အမျိုးသမီးနဲ့ မသန်စွမ်းတွေ၊ လူနည်းစု တိုင်းရင်းသားတွေ အတွက်လည်း နောင်ရွေးကောက်ပွဲတွေမှာ သူတို့အတွက်တိကျတဲ့ မူဝါဒနဲ့ ဥပဒေတွေ ချမှတ်ပြီး ဆောင်ရွက်ဖို့ လိုတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။
 
အပြီးသတ် အစီရင်ခံစာကို ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း၊ ဒါန-ရှေ့ဆောင်မြန်မာ၊ အောက်ချင်းလူမှု အဖွဲ့အစည်းတို့က ပူးပေါင်းစောင့်ကြည့်ပြီး ထုတ်ပြန်တာဖြစ်ပါတယ်။
 
အဲဒီ့အစီရင်ခံစာမှာ သုံးသပ်ချက်တွေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကြံပြုချက်တွေ၊ နိုင်ငံရေးပါတီနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အကြံပြုချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
 
(၃) လက်ဝတ်ရတနာအိုးကို တူးဖော်တွေ့ရှိသူက အစိုးရအဖွဲ့ကို အပ်နှံ
 
မုံရွာခရိုင်ထဲက ကျေးရွာတစ်ရွာရဲ့ ခြံဝင်းထဲမှာ လက်ဝတ်ရတနာပစ္စည်းတွေ ထည့်ထားတဲ့ စဥ့်အိုး တစ်လုံးကို တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
 
အရာတော်မြို့နယ် ဝါးရောင်းကျေးရွာရှိ နေအိမ်ခြံဝင်းထဲမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။
 
ဇူလိုင်လ ၁၃ရက် ညနေ၅နာရီခန့်က နေအိမ်အနောက်ဘက်မှာ မြေကြီးထဲက အိုးကလေးတွေ့လို့ တုတ်နဲ့ခြစ်ကြည့်ရင်း တွေ့တာလို့ လက်ဝတ်ရတနာကို တွေ့ရှိခဲ့တဲ့ မနှင်းနှင်းမြက ပြောကြားခဲ့ပါတယ်။
 
မနှင်းနှင်းမြက တွေ့ရှိခဲ့တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို ဇူလိုင်လ ၁၇ ရက်မှာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အပ်နှံခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လက်ခံခဲ့တာ ဖြစ်ပါတယ်။
 
ဝါးရောင်းကျေးရွာက လာရောက်အပ်နှံတဲ့ လက်ဝတ်ရတနာတွေကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တဆင့် ရှေးဟောင်းယဉ်ကျေးမှု ဝန်ကြီးဌာနကို အပ်နှံသွားမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်ဝင်းက ပြောကြားခဲ့ပါတယ်။
 
လက်ဝတ်လက်စားတွေထဲမှာ ဆွဲကြိုးတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ လက်စွပ်တွေ နားကပ်တွေ ကြယ်သီးတွေ ကျောက်ပုတီးတွေပါ အပါအဝင် ပစ္စည်းအမျိုးအစား ၁၃ မျိုးကိုတွေ့ရှိခဲ့တာလို့ သိရပါတယ်။
 
(၄) အိန္ဒိယမှာ ဘတ်စ်ကားတစ်စီး လျှိုထဲကျပြီး ဟိန္ဒူ ဝတ်ပြု ခရီးသည်တွေ သေဆုံး
 
အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး လျှိုထဲကျခဲ့ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
 
ဇူလိုင် ၁၇ ရက်က ဟိန္ဒူ ဝတ်ပြုခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ကက်ရှ်မား ပြည်နယ်က တောင်ပေါ်လမ်း တစ်နေရာမှာ လမ်းချော်ပြီး လျှိုထဲ ထိုးကျခဲ့တာ ဖြစ်ပါတယ်။ ဒေသခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မိုဟန်လယ်လ်က ဖြစ်စဉ်မှာ ဝတ်ပြုခရီးသည် ၁၆ ဦးထက်မနည်း သေဆုံးပြီး ၂၇ ဦး ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ပြောပါတယ်။
 
အဲဒီဘတ်စ်ကားဟာ ပြည်နယ်မြို့တော် သီရိနာဂါကို ဦးတည်မောင်းနှင်နေရင်း မတော်တဆမှုနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းမှာ ရဲတပ်ဖွဲ့အပြင် အိန္ဒိယ လေတပ်ကလည်း ပူးပေါင်း ကူညီခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးကို ရဟတ်ယာဉ်တွေနဲ့ လာရောက် ခေါ်ယူပြီး ဆေးရုံ ပို့ပေးခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေ ဆိုးရွား ပြင်းထန်သူတွေ ပါရှိပြီး အသေအပျောက် အရေအတွက် တိုးလာနိုင်တယ်လို့လည်း ရဲအရာရှိက မှတ်ချက်ပေးထားပါတယ်။ 
Monday, July 17, 2017

Top News