စဥ့်အိုးလေးထဲ ထည့်ထားတဲ့ လက်ဝတ်ရတနာတွေ မုံရွာခရိုင်ထဲက ခြံဝင်းတစ်ခြံထဲမှာ တူးဖော်တွေ့ရှိ

Mon, 2017-07-17 17:11 -- zaythu

မုံရွာခရိုင်ထဲက ကျေးရွာတစ်ရွာရဲ့ ခြံဝင်းထဲမှာ လက်ဝတ်ရတနာပစ္စည်းတွေ ထည့်ထားတဲ့ စဥ့်အိုးတစ်လုံးကို တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အရာတော်မြို့နယ်  ဝါးရောင်းကျေးရွာရှိ နေအိမ်ခြံဝင်းထဲမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။

ဇူလိုင်လ၁၃ရက် ညနေ၅နာရီခန့်က နေအိမ်အနောက်ဘက်မှာ မြေကြီးထဲက အိုးကလေးတွေ့လို့ တုတ်နဲ့ခြစ်ကြည့်ရင်း တွေ့တာလို့ လက်ဝတ်ရတနာကိုတွေ့ရှိခဲ့တဲ့ မနှင်းနှင်းမြက ပြောကြားခဲ့ပါတယ်။ မနှင်းနှင်းမြက တွေ့ရှိခဲ့တဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို   ဇူလိုင်လ ၁၇ ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အပ်နှံခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လက်ခံခဲ့တာ ဖြစ်ပါတယ်။

ဝါးရောင်းကျေးရွာက လာရောက်အပ်နှံတဲ့  လက်ဝတ်ရတနာတွေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တဆင့် ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနကို  အပ်နှံသွားမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်ဝင်းက ပြောကြားခဲ့ပါတယ်။ လက်ဝတ်လက်စားတွေထဲမှာ  ဆွဲကြိုးတွေ၊ ကျောက်မျက်ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ လက်စွပ်တွေ နားကပ်တွေ ကြယ်သီးတွေ ကျောက်ပုတီးတွေပါ အပါအဝင် ပစ္စည်းအမျိုးအစား ၁၃ မျိုးကိုတွေ့ရှိခဲ့တာလို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-မျိုးမင်းဦး  

Monday, July 17, 2017

Top News