အလုပ်ပြောင်းရကိန်းဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ

ငွေဆောင်ဒေသ ငါးရရှိမှု လျော့နည်းလာတာကို ဖြေရှင်းရန် နည်းလမ်းတွေသိပေမယ့် ကိုင်တွယ်ဆောင်ရွက်ဖို့ ခက်ခဲနေပါတယ်

ငွေဆောင်(ပုသိမ်)−ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ပင် လယ်ကမ်းခြေမြို့  ကျေးလက်ဒေသတစ်ခုမှာ နေထိုင်သူ ဦးညိုဝင်းက နှစ် ၂၀ ကျော်ကြာ လုပ်ကိုင်လာတဲ့ မိရိုးဖလာ ငါးဖမ်း လုပ်ငန်းကို စွန့်လွှတ်ဖို့ စိတ်ကူး နေပါတယ်။

သူ့အသက်မွေးဝမ်းကျောင်း လုပ်ငန်း အပြောင်းအလဲလုပ်ဖို့ စိတ်ကူးရတာကတော့ ငါးရရှိနှုန်း ကျဆင်းလာတာကြောင့် ဖြစ် တယ်လို့ ကျောက်ဖျာကျေးရွာ အုပ်စု အုန်းတစ်ပင်ကျေးရွာသား (၄၄)နှစ်အရွယ် ဦးညိုဝင်းက ပြောပြပါတယ်။

‘‘အရင်တုန်းက ပင်လယ်ထဲ တစ်ရက်ဆင်းရင် လှေတစ်စီးကို ငါးကောင်ရေ ၃၀၀ လောက်ရ တယ်။ အခုကျတော့ အကောင် ရေ ၈၀ ရဖို့ တော်တော်လေးခက် လာတဲ့အနေအထားမျိုး။ လုံးဝငါး မရတဲ့နေ့တွေတောင်ရှိတယ်’’လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ခဲ့ရ တဲ့ ကမ်းနီးငါးဖမ်းလုပ်ငန်းလုပ် ကိုင်သူ ဦးညိုဝင်းက ဆိုပါတယ်။

မကျည်းမှော်ရွာက ကမ်းနီး ငါးဖမ်းသမား ဦးသိန်းစိုးကလည်း တခြားရွေးချယ်စရာလုပ်ငန်းမရှိ သေးတဲ့အတွက် ရေလုပ်ငန်း ဆက်လုပ်နေရတယ်လို့ ပြောပါ တယ်။

သူတို့လိုမျိုး ငွေဆောင် ဒေသ ရေလုပ်သားတစ်ထောင် ကျော် ကြုံတွေ့နေရတဲ့ ငါးဖမ်း ဆီးရရှိမှုနှုန်း နည်းပါးလာခြင်း ပြဿနာလျော့ပါးစေနိုင်တဲ့ နည်း လမ်းတွေရှိပါတယ်။ အဲဒီနည်း လမ်းတွေထဲမှာ ငါးဖမ်းဆီးမှုဆိုင် ရာဥပဒေ စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းထားချက်တွေအတိုင်း တိတိကျကျ ကိုင်တွယ်ရေးလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ စည်းကမ်း တင်းကျပ်ဖို့အတွက် အခြေအနေ မပေးသေးဘူးလို့ အစိုးရဌာနဆိုင် ရာတွေက ပြောကြပါတယ်။

ငါးပြုန်းတီးစေတဲ့ အကြောင်းရင်း

ရေလုပ်ငန်းလုပ်ကိုင်သူတွေ ထဲမှာ တရွတ်ဆွဲပိုက်သုံးခြင်း၊ အ ဆိပ်ချခြင်း၊ လျှပ်စစ်ဓာတ်အား သုံးခြင်း၊ မိုင်းခွဲခြင်း စတဲ့တားမြစ်ထားတဲ့နည်းလမ်း  အသုံးပြုသူ တွေရှိတာကြောင့် ငါးသယံဇာတ ယခင်ထက် ပိုမိုပြုန်းတီးလာခြင်း ဖြစ်တယ်လို့  ငွေဆောင်မြို့  ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်းကပြောပါတယ်။  

‘‘အရေးယူတာထက်စာရင် ကိုယ်ကိုယ်တိုင် သိရှိနားလည်ရင် ပိုကောင်းတာပေါ့’’လို့ ဦးစီးမှူးက ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက ကန့်သတ်တားမြစ်ထားတဲ့ ငါးဖမ်းနည်းတွေကို အသုံးပြုသူဟာ ငွေ ဒဏ် သုံးသိန်းကနေ ထောင်ဒဏ် ၁ဝ နှစ်အထိ ပြစ်ဒဏ်ပေးဖို့  ဥပဒေပြဋ္ဌာန်းချက်ရှိပါတယ်။

‘‘တရားမဝင်ငါးဖမ်းနည်း တွေအထဲမှာ ဒယဥ့်တိုက်ငါးဖမ်း နည်းက အဆိုးဆုံးပါ။ အဲဒီနည်း ကို ကမ်းဝေးသမားတွေရော၊ကမ်း နီးငါးဖမ်းသမားတွေရောက တားမြစ်ထားတဲ့ကြားထဲက သုံးကြပါ တယ်။ တရွတ်ဆွဲပိုက်က ပင်လယ်ကြမ်းပြင်ပျက်စီးတဲ့အထဲမှာ ပါပါ တယ်’’လို့ ဦးစီးမှူးကဆိုပါတယ်။

‘‘တိုက်ပြီးတော့ ဆွဲလိုက် တော့ နုန်းတွေမှာ ပေါက်နေတဲ့အပင်ပေါက်လေးတွေက ပျက်စီးသွားတာပေါ့။  အစာကွင်းဆက် တွေ ပျက်ကုန်၊ ငါးသေးလေးတွေ လည်း ပါကုန်တော့ ငါးသယံဇာတ တွေ ပြုန်းတီးကုန်တာပေါ့’’

    ‘‘ငါးသယံဇာတပြုန်းတီးမှုကို ကာကွယ်ဖို့အတွက် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများကို ငါးမဖမ်းရရာသီအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားတယ်။ ကမ်းနီး ကမ်းဝေး ငါးဖမ်းစက်လှေများ ငါး မဖမ်းရ နယ်မြေတွေအကြောင်း ကြေညာအသိပေးထားတယ်၊ ဒါ ပေမဲ့ စည်းကမ်းဖောက်သူတွေ ရှိနေသေးတယ်’’လို့ သူက ရှင်းပြပါ တယ်။

ဝင်ငွေနည်းလာတဲ့ ရေလုပ် သားများဘဝ အဆင်ပြေလာရေး အတွက် ငါးလုပ်ငန်းဦးစီးဌာနက အကူအညီပေးရေးအဖွဲ့တချို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့ အစီအစဉ်တစ်ခုကတော့  ငွေကြေး ထောက်ပံ့ခြင်းပါပဲ။

ဆင်းရဲမွဲတေမှု ပပျောက် ရေးအစီအစဉ်တစ်ခုဖြစ်တဲ့ မြစိမ်းရောင် စီမံကိန်းအောက်မှာ ကျေး ရွာတစ်ခုကို အရင်းမပျောက် မတည်ငွေ သိန်း ၃ဝဝ စီထောက် ပံ့ထားတာပါ။

အိမ်၊ စက်လှေ၊ ငါးဖမ်းပိုက်  ပိုင်ဆိုင်ကြောင်း ပြနိုင်တဲ့ မိသားစုတစ်စုကို ချေးယူနိုင်တဲ့ ပမာဏက ကျပ် သုံးသိန်းပါ။

ဒီငွေပမာဏက ကျေးလက် ဒေသနေထိုင်သူတွေအတွက် အတိုင်းအတာတစ်ခုအထိ အဆင်ပြေပါတယ်။ ချေးငွေမရသူတွေကတော့ ဒီစီမံကိန်းကို မကျေနပ် ကြပါဘူး။

ငါးပြုန်းတီးမှု ကာကွယ်ရေး

ငါးမဖမ်းရရာသီအပြီး ပင်လယ်ပြင်ထွက် ငါးဖမ်းကာလကို ရက် ၉ဝ သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့  ငါးဖမ်းသင်္ဘောတွေကအလွန် အကျွံဖမ်းဆီးကြတာကြောင့် ရက်၆ဝ အဖြစ် ပြင်ဆင်သတ်မှတ်လိုက် ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနက ဒီအကြောင်းထုတ်ပြန်ခဲ့ပြီးပါပြီ။

     ‘‘သတ်မှတ်ကာလကျော်လွန် ပြီး ငါးဖမ်းတဲ့ ပြည်တွင်းငါးဖမ်း လှေကို တစ်ရက် ဒဏ်ငွေ ငါးသောင်းနှုန်းအပြစ်ပေးမယ်။ ငါးရက်ကျော်သွားရင် နေ့စဉ် ဒဏ်ငွေက နှစ်ဆတက်မယ်။ ၁၅ ရက်အ ထက်ကျော်သွားရင်တော့ စည်း ကမ်းပျက်ရေယာဉ်အဖြစ် သတ် မှတ်အရေးယူမယ်’’လို့ ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန ဦးစီးမှူး ဦးထွန်းဝင်းမြင့်က  ပြောပါတယ်။

ရက်ကျော်ဖမ်းတဲ့ နိုင်ငံခြား သင်္ဘောကို တစ်ရက် ဒေါ်လာ ၇,ဝဝဝ ဒဏ်ကြေးပေးဆောင်စေ  ဖို့ သတ်မှတ်ထားကြောင်း သူက ရှင်းပြပါတယ်။

‘‘ငါးရဖို့ တစ်ခုတည်းကို ကြည့်ပြီးတော့ စည်းကမ်းဥပဒေ ကို ချိုးဖောက်မယ်ဆိုရင်တော့  အခုလို ပြဿနာတွေဖြစ်နေဦးမှာပဲ’’လို့ တိုင်းဦးစီးမှူးက ပြောပါ တယ်။

ဌာနက ငါးဖမ်းလုပ်ငန်းခွင် ရေပြင်အထိ ကြပ်ကြပ်မတ်မတ် လိုက်လံစစ်ဆေးနိုင်ရင် ဥပဒေချိုးဖောက်မှု  လျော့နည်းသွားမယ် လို့ သူက ဆက်ပြောပါတယ်။

‘‘ကျွန်တော်တို့က ကုန်းပေါ် က ညွှန်ကြားချက်ပဲပေးနိုင်တာ ပါ။ ရေပြင်မှာ တကယ်တမ်းလုံခြုံ ရေးနဲ့ပတ်သက်ပြီးတော့ တာဝန် ယူထားတာက တပ်မတော်(ရေ)ပါ။ သူတို့ရဲ့ အဓိကတာဝန်က နိုင်ငံတော်လုံခြုံရေးပါ။ ငါးဖမ်းသင်္ဘောတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်တာ၊ စစ်ဆေးတာက သူတို့အတွက် အလုပ်အပိုပါ။ သူတို့အနေနဲ့ စစ်ဆေးတာကလည်း ငါးဖမ်းတဲ့လှေအကုန်လုံးကို ထောင့် စေ့အောင် မကြည့်နိုင်ဘူး’’လို့ တိုင်းဦးစီးမှူးက ပြောပါတယ်။

ဥပဒေ၊ စည်းမျဉ်းတွေကို သင့်တော်သလို ပြုပြင်ဖို့ လိုအပ် သလိုလုပ်ငန်းရှင်၊ ရေယာဉ်မှူး၊ ရေယာဉ်ပိုင်ရှင်၊ ရေလုပ်သားများ ဘက်ကလည်း အပြောင်းအလဲပြု လုပ်ရမယ်လို့ တိုင်းဦးစီးမှူးက မှတ်ချက်ပေးပါတယ်။  

‘‘ဥပဒေတစ်ရပ် ပြဋ္ဌာန်းမယ်ဆိုရင် လိုက်နာမယ်သူရှိဖို့လိုပါ တယ်။ ဥပဒေက မည်သို့ပဲ ပြင်းထန်ပြင်းထန်၊ လစ်ရင် လစ်သလိုလုပ် တယ်၊  အသိစိတ်ဓာတ်တွေကို ပြင်ဖို့လိုပါတယ်’’လို့ သူက ဆိုပါ တယ်။

အလုပ်အကိုင် အခွင့်အလမ်း

ငွေဆောင်မြို့ ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်း က တားမြစ်ထားတဲ့ ငါးဖမ်းနည်း အသုံးပြုတာတွေကို သတင်းရလို့  ပင်လယ်ပြင်ထဲ သွားရောက်ဖမ်း ဆီးနိုင်ဖို့အတွက် ဌာနပိုင်ရေယာဉ် (မော်တော်ဘုတ်) မရှိဘူး။ ရဲတပ် ဖွဲ့နဲ့ မချိတ်ဆက်ဘဲ သွားရောက်  တားဆီးမယ်ဆိုရင်လည်း ဝန်ထမ်းတွေရဲ့ လုံခြုံရေးစိတ်မချရဘူးလို့    ရှင်းပြပါတယ်။

ငွေဆောင်ရုံးအတွက် ဝန် ထမ်းငါးဦးသုံးစွဲနိုင်တယ်လို့ သတ် မှတ်ထားပေမယ့်  သူအပါအဝင် အမြဲတမ်းဝန်ထမ်း နှစ်ဦး၊  နေ့စား ဝန်ထမ်း တစ်ဦးပဲရှိတယ်လို့ ဆိုပါ တယ်။

‘‘ပင်လယ်ပြင်ကို သွားဖမ်းဖို့ လည်း ကျွန်တော်တို့အနေနဲ့ နည်းပညာအခက်အခဲရှိတယ်။ သွားဖမ်းမယ်ဆိုရင်တောင် အဆင့်ဆင့်  စာတင်ရမယ်။ ရဲတပ်ဖွဲ့ကို အကူ အညီတောင်းရမှာဖြစ်တဲ့အတွက် အနည်းဆုံးအချိန်ကတော့ တစ်ရက်လောက်ကြာမှာပဲ’’လို့ ငွေဆောင်မြို့က ဦးစီးမှူး ဦးဆန်းဝင်း က ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရဲ့ ပုသိမ်မြို့နယ် မဲဆန္ဒနယ်(၂) ကိုယ်စားလှယ် ဦးအောင်သူထွေးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ကြရင် ငါးသယံဇာတပြုန်းတီးမှု  လျော့ပါးမှာဖြစ်တဲ့အတွက် ရေ လုပ်သားများ ပူးပေါင်းဆောင် ရွက်သင့်တယ်လို့ တိုက်တွန်းပါ တယ်။

ငါးဖမ်းဆီးမှုနည်းလာတဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ပင် လယ်ပြင်ကို အားကိုးနေရသူတွေ  စားဝတ်နေရေး ခက်ခဲလာတာ ကြောင့် ဒေသနဲ့ ကိုက်ညီတဲ့ အ လုပ်အကိုင်အခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ လုပ် ငန်းရှင်တွေကို တိုက်တွန်းချင် တယ်။ အစိုးရပိုင်းကလည်း ပစ် မထားသင့်ဘူးလို့  လွှတ်တော်  ကိုယ်စားလှယ်ကပြောပါတယ်။

‘‘သူတို့ ပင်မလုပ်ငန်းက မနက်ဆို ငါးထွက်ဖမ်းမယ်။ ညနေဆိုပြန်တက်လာမယ်။ ဒီလိုကျင် လည်ဖြတ်သန်းနေမှုတွေကို ခေတ်နဲ့လျော်ညီအောင်၊ ဒေသနဲ့လည်း ကိုက်ညီအောင် ဒေသဖွံ့ဖြိုးတို တက်ရေးလုပ်ငန်းတွေ နိုင်ငံတော်အနေနဲ့ ဖော်ဆောင် ပေးဖို့လိုပါ တယ်’’လို့ လွှတ်တော်ကိုယ်စား လှယ်က ပြောလိုက်ပါတယ်။   ။