ကုန်တင်သင်္ဘောနှင့် တိုက်မိသည့် အမေရိကန်စစ်သင်္ဘောမှ ပျောက်ဆုံးရေတပ်သားများ သေဆုံးကြောင်း အတည်ပြု

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂျပန်ကမ်းလွန်တွင် ကုန်တင်သင်္ဘောနှင့် တိုက်မိသည့် အမေရိကန် စစ်သင်္ဘောမှ စစ်သည် ၇ ဦး သေဆုံးကြောင်း အမေရိကန် ရေတပ်က အတည်ပြုခဲ့သည်။


အစောပိုင်းက USS Fitzgerald ဖျက်သင်္ဘောမှ ရေတပ်သား ၇ ဦး ပျောက်ဆုံးနေကြောင်း ကြေညာခဲ့သော်လည်း ယခုအခါ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း အတည်ပြုပြီး အမည်များကိုပါ ထုတ်ပြန်ခဲ့သည်။ ဇွန် ၁၇ ရက်က ဆိပ်ကမ်းမြို့ ယိုကိုဆူကာ အနီးတွင် ဖြစ်ပွားသော မတော်တဆမှုအတွင်း USS Fitzgeraldမှ ရေယာဉ်မှူး အပါအဝင် ၃ ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ ရေပြင်တွင် သွားလာမှု ရှုပ်ထွေးသော်လည်း ယခုလို မတော်တဆ ထိခိုက်မှုမျိုးမှာ အလွန်ရှားပါးသည့် အခြေအနေ တစ်ရပ်ဖြစ်သည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဖျက်သင်္ဘော၏ ပျက်စီးသွားပြီး ရေဝင်နေသော အစိတ်အပိုင်းများကြားတွင်ပင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

USS Fitzgerald၏ ညာဘက်ခြမ်း ကိုယ်ထည်မှာ ဆိုးဆိုးရွားရွား ပျက်စီးသွားသော်လည်း နစ်မြုပ်ခဲ့ခြင်း မရှိချေ။ အခင်းဖြစ်ချိန်တွင် ရေတပ်သား အများစုမှာ အိပ်စက်နေခဲ့ကြောင်း အမေရိကန်စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန် စစ်တပ်သည် သင်္ဘောချင်း တိုက်မိမှု၏ အကြောင်းရင်းကို စုံစမ်းမှုများ ပြုလုပ်နေကြောင်း ကြေညာသည်။

ရေတပ်က ထုတ်ပြန်သော စာရင်းအရ သေဆုံးသူများသည် အသက် ၁၉ နှစ်နှင့် ၃၇ နှစ်ကြား အရွယ်များ ဖြစ်ကြောင်း သိရသည်။ ရေတပ်၏ ရေငုပ်သမားများက သင်္ဘော၏ ရေဝင်ပျက်စီးနေသော နေရာများကြား လှည့်လည်စစ်ဆေးပြီးနောက် ရုပ်အလောင်းများကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အမှတ် ၇ ရေတပ်မ၏ အကြီးအကဲ ဂျီုးဆက်ပီအော်ကိုယင်က သင်္ဘောချင်း တိုက်မိမှုကြောင့် USS Fitzgerald၏ ကိုယ်ထည်တွင် ဆိုးဆိုးရွားရွား ကျိုးကျေ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အကယ်၍ ရေတပ်သားများ၏ သူရဲကောင်းဆန်ဆန် စွန့်စားထိန်းကျောင်းမှုမျိုး မရှိပါက ရေယာဉ်မှာ အပြီးတိုင် နစ်မြုပ်သွားနိုင်ကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။

USS Fitzgeraldကို ဝင်တိုက်သည့် ကုန်တင်သင်္ဘော ACX Crystalမှာမူ အနည်းအကျဉ်းသာ ထိခိုက်ခဲ့ပြီး သင်္ဘောသာ ၂၀ စလုံး ဘေးကင်းခဲ့သည်။ ဖိလစ်ပိုင်အလံ လွှင့်ထူထားသည့် အဆိုပါ သင်္ဘောသည် ရေယာဉ်ချင်း တိုက်မိမှု မဖြစ်မီ ၂၅ မိနစ်ခန့်က ရုတ်တရက် ဂငယ်ကွေ့ ပြန်ကွေ့ကာ ရေလမ်းကြောင်းပြောင်း ခုတ်မောင်းခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ရေလမ်းကြောင်း ပြောင်းရခြင်း၏ အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။

USS Fitzgeraldသည် Arleigh Burke အဆင့်သတ်မှတ်ချက်ရှိသော ဖျက်သင်္ဘော တစ်စီးဖြစ်ပြီး အမေရိကန် ရေတပ်တွင် ၁၉၉၅ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖျက်သင်္ဘောကို ပြန်လည် ပြင်ဆင်နိုင်ဖွယ် ရှိသော်လည်း လအတန်ကြာမျှ အချိန်ယူရနိုင်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Ref: AP

More in World News Section