လန်ဒန် ဗလီတစ်ခုရှေ့ လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှုကြောင့် တစ်ဦးသေပြီး ရှစ်ဦးဒဏ်ရာရ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် ဗင်ကားတစ်စီးက ဗလီတစ်ခုရှေ့ လူအုပ်ထဲ ဝင်တိုက်ရာ အနည်းဆုံး တစ်ဦးသေပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။


ဇွန် ၁၉ ရက် နံနက်အစောပိုင်းက လန်ဒန်မြောက်ပိုင်း ဖင်းစ်ဘူရီပါ့ခ် ဗလီအနီးတွင် အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ လန်ဒန် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့သည် ဗင်ကားမောင်းသူဟု ယူဆရသော အသက် ၄၈ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားသည်။

မျက်မြင်များက အခင်းဖြစ်ရာ နေရာတွင် အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့မှ အရာရှိများပါ ရောက်ရှိနေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။ ဗြိတိန် မွတ်ဆလင်ကောင်စီက အဆိုပါ ဗင်ကားသည် ဗလီတွင် လာရောက် ဝတ်ပြုခဲ့သူများကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဗြိတိန်ဝန်ကြီးချုပ် သီရေဆာမေက ယခုဖြစ်ရပ်သည် ဆိုးယုတ်လွန်းသော လုပ်ရပ်အဖြစ် ရှုတ်ချခဲ့ပြီး ထိခိုက်နစ်နာခဲ့သူ အားလုံးနှင့် ထပ်တူထပ်မျှ ကြေကွဲ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ 

ဗြိတိန် မွတ်ဆလင်ကောင်စီက ယခုဖြစ်ရပ်သည် အစ္စလာမ် ဘာသာရေးကို မုန်းတီးသည့် စိတ်အစွဲမျိုး ပိုမိုဆိုးရွားလာခြင်း၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ဗလီများ အနီးတွင် လုံခြုံရေး မြှင့်တင်ပေးရန် တောင်းဆိုခဲ့သည်။

မျက်မြင်အချို့က လူအုပ်ထဲ ဝင်တိုက်ပြီးနောက် ဗင်ကားပေါ်မှာ လူသုံးဦး ဆင်းပြေးသွားသည်ဟု ပြောကြားခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ လတ်တလောတွင် သံသယရှိသူ တစ်ဦးကိုသာ ထိန်းသိမ်းထားကြောင်း ဆိုသည်။ လန်ဒန် အရေးပေါ် လူနာတင်ယာဉ် ဌာနက အခင်းဖြစ်သည့် နေရာတွင် အမျိုးသားတစ်ဦး သေဆုံးကြောင်း အတည်ပြုပြီး ဒဏ်ရာရသူ ရှစ်ဦးကို ဆေးရုံသုံးခုသို့ ခွဲခြားပို့ဆောင်ခဲ့ကြောင်း ကြေညာခဲ့သည်။

Ref: Reuters