တနိုင်းဒေသ စစ်ရေးတင်းမာမှုနှင့် ပြည်သူ့အသံ

People Voice
ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ

တပ်မတော်နှင့် ကေအိုင်အေတို့ကြား တနိုင်းဒေသတွင် ဇွန်လ ၃ ရက်ကစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးတင်းမာမှုများ ကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန်ဆိုကာ တပ်မတော်က တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်များမှ ပြည်သူများကို ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ ရွှေ့ပြောင်းထွက်ခွာရန် အကြောင်းကြားခဲ့သည်။ ဒေသခံစစ်ရှောင်ပြည်သူများသည်တနိုင်းမြို့ပေါ်ရှိ ခရစ်ယာန်ဘာသာရေး ကျောင်းများတွင် တိမ်းရှောင်နေရပြီး ဇွန်လ ၁၈ ရက်စာရင်းများအရ စစ်ဘေးဒုက္ခသည်တစ်ထောင်ကျော်ရှိနေပြီး ရေရှည်၌ စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်သူများက ပြော ကြားသည်။ ထို့ကြောင့် တနိုင်းဒေသစစ်ရေးတင်းမာမှုနှင့်ပတ်သက်၍ စစ်ရှောင်ပြည်သူများဒုက္ခမရောက်ရေး၊ တိုက်ပွဲများ လျှော့ချနိုင်ရေးနှင့် ပတ်သက်၍ ပြည်သူများ၏ အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးအင်ထုံးခါးနော်ဆမ်

(မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

စစ်ဘေးဒုက္ခသည်များလာတာ မဖြစ်သင့်တဲ့အနေအထား။ လက်ရှိ မှာ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ အဖြေရှာသင့်နေတယ်။ စစ်ဘေးဒုက္ခသည်၊ စစ် ရှောင်ဒုက္ခသည်ဆိုတာ မရှိသင့်တော့ဘူး၊ မဖြစ်သင့်တော့ဘူး။ ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီး အလုပ်သမားတွေကို ပြန်ထွက်ခိုင်းတာက လည်း အချိန်အရမ်းကပ်လွန်းတယ်။ အချိန်ပေးသင့်တယ်။ ဆန်၊ ဆီ၊ ဆားပို့တာ ပိတ်ဆို့လိုက်တော့ အများဆုံးဒုက္ခရောက်တာ ပြည်သူလူထု ပဲ။ တနိုင်းဒေသအနီးအနားဝန်းကျင်က ရွာတွေအကုန်လုံးမှာ အစား အသောက်အရမ်းအခက်အခဲဖြစ်ကြတယ်။ အဲဒီတော့ ပို့တဲ့အပိုင်းကို စနစ်တကျနဲ့မျှမျှတတစဉ်းစားပြီး ခွင့်ပြုသင့်တယ်။ သွားခွင့်မပြုတော့ဘူးဆိုရင် ဒုက္ခရောက်တာပြည်သူလူထုဖြစ်နေတာလေ။ ကချင်ပြည်နယ်သာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ငြိမ်းချမ်းဖို့လိုတယ်။ စစ်တိုက်တဲ့အနေအထားကိုကြည့်လိုက်တဲ့အခါ ပယင်းမှော်ကို အကြောင်းပြုပြီးဖြစ် တာ။ တပ်မတော်ဘက်ကလည်း စစ်ကြောင်းထိုးခြင်းမလုပ်ဘဲ ကိုယ့်ရဲ့အနေအထားမှာ ကိုယ်နေ၊ လက်နက် ကိုင်အဖွဲ့အစည်းဘက်ကလည်း တပ်မတော်ရှိတဲ့နေရာကို သွားပြီးတိုက်တဲ့ပုံစံက မဖြစ်သင့်ဘူး။

ဦးစိုင်းကျော်ညွန့် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

တိုက်ပွဲက မဖြစ်တာအကောင်းဆုံးပါ။ ဘယ်ကနေစပြီးတော့ပဲ ဖြစ်ဖြစ်၊ ဘာအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် မဖြစ်တာအကောင်းဆုံး ပဲ။ ဘယ်ဘက်မှန်တယ်၊ မှားတယ်ဆိုတာ မဝေဖန်ချင်ဘူး။ ဒါပေမဲ့ လုံး ၀တော့ မတိုက်တာတော့ အကောင်းဆုံးပဲ။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါတယ်။ အခုဆိုရင် ထွက်ပြေးနေရတာတွေ၊ တိမ်းရှောင်နေရတာ တွေရှိတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အတွက် ကြောင့်မို့လို့ ဒီတိုက်ပွဲတွေက ဘယ်ဘက်ကနေပဲ စတိုက်တိုက် ဒါငြိမ်း ချမ်းရေးဖော်ဆောင်နေမှုတွေမှာ အဟန့်အတားတော့ ဖြစ်တာပါပဲ။ ဆိုတော့ ဒီနည်းလမ်းအတိုင်း ကျွန်တော်တို့တွေ ချဉ်းကပ်တာကြာလှပါပြီ။ နှစ်ပေါင်း ၇၀ နီးပါးရှိခဲ့ပြီ။ မအောင်မြင်ခဲ့ဘူး။ အဲဒီတော့ ဘာကြောင့် ဒီနည်းလမ်းကို ဆက်သုံးကြသလဲပေါ့ဗျာ။ အဲဒါလေးလည်းနည်းနည်းသတိထားစေချင်တယ်။ တိုက်တွန်းချင်တာကတော့ စစ်တိုက်တဲ့ နည်းလမ်းက အဖြေမဟုတ်ဘူးဆိုတာ သိစေချင်တယ်။

ဦးကျော်မင်း (လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒုက္ခသည်တွေတိုးလာတာ ဘူးလေးရာ ဖရုံဆင့်ပဲ။ တိုင်းပြည်က နဂိုကတည်းက ဆင်းရဲနေရတဲ့အထဲ လူထုကို စစ်ပွဲတွေကြားထဲ တွန်းပို့ နေတာ ဘယ်လိုမှမကောင်းတဲ့ကိစ္စတွေ။ လက်နက်ကိုင်နှစ်ဖက်စလုံးကို စစ်ဘေးရှောင်ပြည်သူတွေ၊ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုနည်းအောင် လုပ်ရမယ်လို့ ပြောရမယ်။ ဒါပေမဲ့လို့ လက် နက်ကိုင်အဖွဲ့နှစ်ဖွဲ့စလုံးက ဒီလိုဒုက္ခတွေအတွက် ကြိုသိထားသင့်တယ်။ ကြိုမြင်ရမှာပေါ့။ စားနပ်ရိက္ခာပြတ်လပ်တာကလည်း နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို တပ်မတော်ဘက်က ရော၊ အစိုးရဘက်ကရော၊ လက်နက်ကိုင်တွေဘက်ကရော ကူညီနိုင်ခွင့်ရအောင် ကြိုးစားသင့်တယ်။ ကူညီနိုင်မှလည်း စစ်ဘေးရှောင် ပြည်သူတွေအတွက် အကျိုးရှိမှာ။ လက်နက်နဲ့ဖြေရှင်းနေလို့ ဘယ်လိုမှ မအောင်မြင်ဘူး။ ဒါကသမိုင်းက သင်ခန်းစာပဲ။ နှစ်ပေါင်း (၇၀) ကြာ တိုက်လာတာ။ တစ်ဖက်နဲ့တစ်ဖက်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြတ်အောင်မှ မလုပ်နိုင်တာ။ အဲဒါကြီးကို ဆက်ပြီးမွေးနေဦးမယ်ဆိုရင် တိုင်းပြည်က ပိုဒုက္ခရောက်ဖို့ပဲရှိတယ်။

ဦးမောင်မောင်စိုး (ဆောင်းပါးရှင်)

အခုကြားနေရတဲ့ သတင်းတွေအရတော့ စစ်ရှောင်ဒုက္ခသည်တွေ ကို ကူညီပေးမှု၊ ကယ်ဆယ်နေရာချထားမှုအပိုင်းမှာ အားနည်းတယ်လို့ ကြားနေရပါတယ်။ နောက် လူကယ်ပြန်က လုပ်ပေးနေတဲ့ဟာကလည်း ထိရောက်မှုမရှိဘူးလို့ထင်ပါတယ်။ နောက်ပြီး ပိတ်ဆို့မှုတချို့ကြောင့် ဆန်ဈေးကြီးတာတွေ ကြားရတယ်။ ဒေသခံတွေအတွက်သာမက စစ် ရှောင်တွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ ဆိုတော့ ဒီပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းဖို့လိုမယ်လို့ ထင်ပါတယ်။ ဒါကြောင့် မြန်မြန် တွေ့ဆုံဆွေးနွေးကြဖို့လိုတယ်။ အခုက ဆွေးနွေးမှုပုံစံတွေနဲ့ ပတ်သက် လို့ စဉ်းစားပုံမတူညီတာရှိတယ်။ စစ်မဖြစ်အောင် စစ်ဘေးဒုက္ခသည်တွေ မပေါ်ပေါက်အောင်ကတော့ အဲဒါကို ဘယ်လိုကျော်လွှားရမလဲဆိုတာကို အမြန်ဆုံးတိုင်ပင်ပြီး အပစ်ရပ်နိုင်မှပဲ ကျွန်တော်တို့ ဒီပြဿနာကို မြန် မြန် ဖြေရှင်းနိုင်မယ်ထင်တယ်။ အခုဟာ မိုးတွင်းကြီးဆိုတော့ လူတွေပို ဒုက္ခရောက်တယ်။ စစ်ဆင်ရေးအရ ဖယ်ခိုင်းတယ်ဆိုရင်လည်း စစ်ရှောင်တွေအတွက် တုံ့ပြန်စီစဉ်ပေးဖို့လိုတယ်။

ဦးသံခဲ (ဥက္ကဋ္ဌ ABSDF)

ကြားရတဲ့သတင်းတွေက အားလုံးအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေက အခုလိုမျိုးသာ တင်းမာမှုတွေဖြစ်နေရင် ဒေသတွင်းအခြေအနေအရ ဘယ်လိုမှ သဟဇာတဖြစ်နိုင်စရာမရှိဘူး။ ဒီတိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ နည်းလမ်းကို ရှာဖွေသင့်ပြီလို့ ယူဆပါတယ်။ အထူးသဖြင့် နူရာဝဲစွဲလဲရာသူခိုးထောင်းဆိုသလို ကျွန် တော်တို့လူထုက မရှိလို့ လုပ်စားပါတယ်ဆို စစ်ပွဲထဲမှာ တစ်ခါ ထပ် ပြေးနေရတယ်ဆိုတာ ကြားရတဲ့လူတွေအားလုံးအတွက် တကယ်ကို နှလုံးမသက်သာပါဘူးဗျ။ ပြည်သူလူထုရဲ့ အနေအထားဟာ စီးပွားရေး အရ အင်မတန်ကျပ်တည်းလွန်းပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် ဒီတောတွေ၊ တောင်တွေထဲမှာ အင်မတန်မှ စွန့်စားပြီးလာခဲ့ရတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား မယုံကြည်မှုတွေနဲ့သာ လုပ်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည်အနာဂတ်ဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာမရှိဘူးလို့ ယူဆပါတယ်။

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးဆောင်းပါးရှင်)

အစိုးရနဲ့ တပ်မတော်အနေနဲ့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက် ပွဲတွေကို အမြန်ဆုံးအပစ်အခတ်ရပ်စဲနိုင်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အဲဒီတော့ အစိုးရရော၊ တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြားထဲမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲနိုင်တဲ့ သဘောတူညီချက်တစ်ခုကို ရအောင်ဖော် ဆောင်သင့်တယ်လို့မြင်တယ်။ လက်ရှိ ၂၁ ရာစုပင်လုံအစည်းအဝေး ကျင်းပနေပြီးတော့ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နေတဲ့ကာလမှာ ယုံကြည်မှုတည်ဆောက်မှု၊ တည်ဆောက်ရေးဟာ အင်မတန်မှ အရေးကြီးတဲ့ အတွက်ကြောင့်မို့လို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ ဦးဆောင်ပြီးတော့ အဲဒီဒေသတွေမှာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို စပြီးဖော်ဆောင်သင့်တယ်လို့ မြင်တယ်။ အဲဒီလို အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်လိုက်နိုင်တာနဲ့ စစ်ဘေးရှောင် နိုင်ငံသားတွေရဲ့ အခက်အခဲတွေ၊အကျပ်အတည်းတွေဟာလည်း လျော့ ပါးပြီးတော့ သူတို့ဟာ သူတို့ရဲနေရပ်ကို အမြန်ဆုံးပြန်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

ဆရာမနန်ပူ(ဒါရိုက်တာ၊ Htoi Gender)

ဇွန်လ ၁၅ ရက်နောက်ဆုံးထားပြီးတော့ အတင်းရွှေ့ခိုင်းတဲ့ကိစ္စ။  မရွှေ့ဘူးဆိုရင် ကေအိုင်အေနဲ့ ဆက်သွယ်တဲ့အကြမ်းဖက်သောင်းကျန်း သူအဖြစ် သတ်မှတ်မယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ရန်အတွက် သူတို့က ကာကွယ်တယ်ဆိုတဲ့ သဘောနဲ့စစ်ဆင်တယ်ဆိုတာ ကို အကြောင်းပြုတယ်ပေါ့။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ပြောမယ်ဆိုရင် သတ္တုတူးဖော်ဖို့၊ စိုက်ပျိုးရေးကုမ္ပဏီတွေလုပ်ဖို့ ဟန်ပြပြီးတော့ ကချင် ဒေသမှာရှိတဲ့ မြေနေရာတွေ၊ သဘာဝသယံဇာတတွေကို သိမ်းယူချင် တယ်ဆိုတဲ့ အကြံအစည်တွေရှိတယ်ဆိုတာကို သိရတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ မှာ ယုဇနကုမ္ပဏီက အဲဒီတနိုင်းဒေသဘက်မှာ ဧကနှစ်သိန်း လောက်ကို သိမ်းပိုက်ပြီးတော့ အကြီးစားစိုက်ပျိုးရေးစီမံကိန်းတွေ လုပ်တယ်။ ဒေသခံတွေကို ရွှေ့ခိုင်းပြီးတော့ ဒေသခံပိုင်ရှင်တွေကို မဖြေရှင်း ရသေးတဲ့ကိစ္စရှိသေးတယ်။ ကမ္ဘာမှာ သဘာဝပတ်ဝန်းကျင်အပျက်စီးဆုံးဖြစ်တဲ့ ဖားကန့်ဒေသမှာတောင် မလုပ်နိုင်တဲ့ဟာကို ဒီတနိုင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးတာကို ကာကွယ်မယ်ဆိုပြီးတော့ လာပြီး စစ်ဆင်တာက ဒါက အကြောင်းပြချက်မခိုင်လုံဘူး။ ဒေသခံတွေ က အခုတော်တော်လေး ဒုက္ခရောက်တယ်။ ကျောင်းဖွင့်တော့ ကလေးတွေရဲ့ စာအုပ်တွေ၊ လွယ်အိတ်တွေ၊ မိုးကာတွေ၊ ကျောင်းစရိတ်တွေ၊ ကျူရှင် စရိတ်တွေ ပေးနေရတဲ့အချိန်၊ ပေးဖို့အတွက် ပြင်ဆင်နေရတဲ့အချိန် စစ်ပြေးနေရတော့ ဒေသခံတွေ တော်တော်လေးဒုက္ခရောက်တယ်။ တနိုင်းမြို့ကို ရွှေ့ပြောင်းနေတဲ့အခါမှာလည်း ကောင်ရာရွာကို ရွှေ့ခိုင်း တာလည်းကြားတယ်။ ကောင်ရာရွာဆိုတာ အခုစစ်မြေပြင်လိုဖြစ်နေတာ အဲဒီက ရွာသားတွေတောင်ပြေး နေရတဲ့ အခြေအနေပါ။ အဲဒါကို အသင်းတော်က လူကြီးတွေက ညှိနှိုင်းနေတယ်ဆိုတာကြားရတယ်။ နောက်အချက်ကတော့ IDPs တွေထောက်ပံ့မှုကလည်း ဒီအစိုးရက အများကြီးထောက်ပံ့ပေးရမှာကို ဒီအစိုးရလက်ထက်မှာပဲ ပိုပြီးတော့မှ ပိတ်ပင်တဲ့အခြေအနေတွေ တွေ့ရတယ်။

ဦးဇော်ဌေး (သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်)

အဓိကအချက်ကတော့ ကျွန်တော်တို့ အစိုးရက တတ်နိုင်သမျှ အဆင်ပြေအောင်လုပ်ပေးမယ်။ ဒါပေမဲ့ ဒီဒေသရဲ့ တရားဥပဒေစိုးမိုးမှု ကင်းပြီးတော့ တည်ငြိမ်မှုပျက်ပြားစေတဲ့ဟာတွေဆိုရင်တော့ အစိုးရက ဥပဒေနဲ့အညီဆောင်ရွက်ရမှာဖြစ်တယ်ပေါ့။ ဒီဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ သဘောတူတယ်၊ လက်ခံတယ်။ အစိုးရနဲ့အတူတူ လုပ် တဲ့သဘောပဲ။ အဲဒီသဘောကိုရမှ ပြန်တဲ့၊ သွားတဲ့လူတွေ ကသီလင်တ မဖြစ်အောင် ကူညီသင့်တာ ကူညီပေးနေတယ်။ သူတို့တပ်ပိုင်းကတော့ ပြောထားတယ်။ ဟိုဘက်ကလည်း ဒါကိုတော့ နားလည်မှုရှိဖို့လိုတယ်။ ကေအိုင်အေအထူးသဖြင့်ပေါ့။ သူက တရားမ၀င်တူးနေတာ၊ ရွှေနဲ့ ပယင်းနဲ့တူးနေတာ။ အရေးယူဆောင်ရွက်မှု မရှိတော့ တရားဝင်လိုဖြစ်ပြီးတော့ လုပ်ချင်တိုင်းလုပ်နေတာ။ အဲဒါကို စည်းမျဉ်းစည်ကမ်းနဲ့အညီ တူးယူနိုင်ဖို့ ထိန်းသိမ်းတာဖြစ်တယ်။ အဲဒီအပေါ်မှာ ဒီအဖွဲ့တွေက နှောင့်ယှက်ခြင်းမပြုဖို့ပေါ့။ တပ်မတော်ကတော့ ကျွန်တော်တို့ဆီ တင်ပြထားပါတယ် အဲဒါနဲ့ပတ်သက်ပြီး။

ဦးဇော်ဝင်း (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တနိုင်းမြို့နယ်)

တနိုင်းက လက်ရှိအနေအထားကတော့ အေးဆေးပါ။ ဒါပေမဲ့ နှစ် ဖက်တင်းမာမှုရှိနေတဲ့အတွက် ဒီအချိန်မှာ စပါးစိုက်တဲ့အချိန်ဆိုတော့ လယ်တောတွေ၊ ဘာတွေသွားဖို့အခက်တွေ့တာပေါ့။ နောက်တစ်ခုက ၂၀၁၆ ဒီဇင်ဘာကတည်းက ဒီဘက်တွေမှာ ဆန်တွေရယ်၊ စက်သုံးဆီ တွေရယ် လွတ်လွတ်လပ်လပ်ရောင်းချတာ၊ သယ်ယူတာ စိစစ်နေတဲ့ အတွက် တနိုင်းတစ်မြို့နယ်လုံးက စက်သုံးဆီရယ်၊ ဆန်ရယ်ဈေးမြင့် တဲ့ ဒဏ်ကိုဒီကပြည်သူတွေခံနေရတယ်ဗျ။ မြို့ပေါ်ရောက်နေတဲ့အဖွဲ့ တွေ (စစ်ဘေးဒုက္ခသည်များ)ကတော့ တော်တော်များများက သက်ဆိုင် ရာ ဘုရားကျောင်းတွေမှာ နေနေကြတယ်။ ဘုရားကျောင်းတွေရဲ့ အစီအစဉ်နဲ့ကျွေးနေကြတယ်။ ပရဟိတ အဖွဲ့တွေက စားဖို့၊ သောက်ဖို့ ၀ိုင်းကူထားတယ်။ ဒီကြားထဲမှာ ပြည်နယ် NLD ကဆန်အိတ်တွေ၊ ဘာတွေ ၀ိုင်းကူထားတယ်။ လောလောဆယ်မှာတော့ ပြဿနာမရှိနိုင်ပေမယ့် ရေရှည်မှာဆိုရင်တော့ အခက်အခဲအများကြီးရင်ဆိုင်ရနိုင်တယ်။

ဦးစိုင်းစန်းဝေ (ဥက္ကဋ္ဌ၊ ရှမ်းမြို့နယ်ရေးရာအဖွဲ့)

ဒီလိုရွှေ့ပြောင်းရတာတော့ ဒုက္ခတော့ရောက်တာပေါ့။ ပြည်သူ တွေအနေနဲ့ ဒီလိုရွှေ့ပြောင်းတာနဲ့ ထိရောက်တဲ့ အနေအထားဖြစ်သွား ဖို့ကိုတော့ လိုအပ်တာပေါ့။ ရွှေ့တော့ရွှေ့ပြောင်းပြီး ဘာမှ မထိရောက် ဘူးဆိုလည်း ပြည်သူလူထုပဲ ဒုက္ခရောက်တာပေါ့။ တိုက်ပွဲတွေက အခုမှ ဖြစ်ခဲ့တာမဟုတ်ဘူး။ အရင်ကတည်းက ဖြစ်ခဲ့တယ်။ နှစ်ပေါင်း (၆၀) လုံးလုံးမှာ ၁၇ နှစ်တာကာလ အပစ်အခတ်ရပ်တာလောက်ပဲ အသက် ရှူချောင်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲတွေဖြစ်နေတဲ့အခါ ပြည်သူ လူထုက နစ်နာပါတယ်။ အဲဒါကြောင့်မို့ ဒီ NCA စာချုပ်ဆိုတာလည်းပဲ ဒီအတိုင်းပေါ်လာတာမဟုတ်ဘူး။ သူတို့လက်နက်ကိုင်အဖွဲ့တွေ အားလုံးဝိုင်းဝန်းပြီးမှ ရေးဆွဲထားတဲ့ သဘောတူညီချက်ဖြစ်တယ်။ အဲဒီတော့ NCA အတိုင်းလုပ်မှသာလျှင် ပိုပြီးအဆင်ပြေမယ်လို့ တိုက်တွန်းချင်ပါ တယ်။

ဦးထွန်းဇော် (တွဲဖက်အတွင်းရေးမှူး(၁)၊ UNFC)

တနိုင်းမှာဖြစ်နေတဲ့ကိစ္စပြန်ကြည့်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ပြောမလား၊ စနစ်တကျလုပ်တယ်ပြောမလား ပြီးခဲ့တဲ့နှစ်က ၂၁ ရာစု ပင်လုံပထမအစည်းအဝေးပြီးတာနဲ့ ဩဂုတ်၊ စက်တင်ဘာမှာ တပ်မ တော်ဘက်ကနေပြီးတော့မှ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီးလုပ်တယ်။ ရှမ်းပြည်ဘက်မှာ စစ်ရှိန်မြင့်လာတယ်။ မြင့်လာတော့ မြောက်ပိုင်းမဟာ မိတ်လိုစုဖွဲ့ပြီးတော့ ပြန်တုံ့ပြန်တယ်။ နိုဝင်ဘာ ၂၀ မှာမူဆယ်ကုန်သွယ် ရေးဂိတ်တွေဘာတွေ၊ တိုက်ခိုက်မှုတွေဖြစ်သွားတာပေါ့ အကြီးအကျယ်။ အဲဒီမှာလည်း လူထုတွေနောက်ဆက်တွဲမှာ အတော်လေးကို ဒုက္ခရောက် ခဲ့တယ်။ နောက်တစ်ကြိမ် ဒီနှစ်မှာလည်း ၂၁ ရာစုပင်လုံညီလာခံဒုတိယ အစည်းအဝေးပြီးပြီဆိုတဲ့အခါ မရှေးမနှောင်းပဲ ထပ်ပြီးတော့ တနိုင်း ဘက်မှာ တပ်မတော်ဘက်က စစ်ရှိန်မြှင့်ပြန်တယ်။ ငြိမ်းချမ်းရေးညီလာခံ တစ်ကြိမ်ပြီးတိုင်း ပြီးတိုင်းမှာ တပ်မတော်ဘက်က စစ်ရှိန်မြှင့်နေသလို ဖြစ်နေတယ်။ တနိုင်းမှာ ဖြစ်သွားတဲ့ ပုံစံက အရပ်သားပြည်သူတွေက ပိုပြီး အထိနာတယ်။ ဒေသခံပြည်သူလူထုက နည်းတယ်။ အဲဒီနေရာမှာ မြန်မာပြည်အနှံ့က သွားရောက်အလုပ်လုပ်နေတဲ့လူတွေက သိန်းချီပြီးရှိတယ်လို့ သိရတယ်။ တပ်မတော်ရဲ့ လုပ်ဆောင်မှုက ဘာလဲဆိုတော့ ကြိုပြီးတော့ အသိပေးတယ်ပေါ့ဗျာ။ သတိပေးစာတွေကို ဝေဟင်ပေါ်က နေ ကြဲချတယ်။ ကြဲချလိုက်ပြီးတော့မှ ဒီကာလ၊ ဒီရက်ပိုင်းအတွင်းမှာ ထွက်ရင်ထွက် မထွက်ရင်တော့ အကြမ်းဖက်သောင်းကျန်းသူကေအိုင်အေနဲ့ဆက်စပ်သူလို့ သတ်မှတ်မယ်ဆိုတဲ့ အခါကျတော့ ပြည်သူလူထု တွေက တော်တော်လေးရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ တွေ့ရတယ်။ တော်တော်လေးကြေကွဲစရာပါ။ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံက အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို မဖော်ဆောင်ရင် ဒီလိုမျိုး အနိဋ္ဌာ ရုံတွေဆက်ပြီးတော့ ရင်ဆိုင်နေရမယ်ဆိုတာ ပြောပြီးဖြစ်တယ်။ အကြောင်းအမျိုးမျိုးပြပြီးတော့ တိုက်နေတဲ့ တိုက်ပွဲတွေကို စားပွဲဝိုင်းမှာ ဖြေရှင်းစေချင်တယ်။ ကေအိုင်အေနဲ့ ဖြစ်နေတဲ့ကိစ္စက ကေအိုင်အေနဲ့ တပ် မတော်တစ်ခုတည်းကြားမှာ ဖြစ်နေတာမဟုတ်ဘူး။ တိုင်းရင်းသားပြည်သူလူထုအားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စဖြစ်တယ်ဆိုတဲ့ သတိပြုရမယ့် အချက်ကို မီးမောင်းထိုးပြတာပဲဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။