အိန္ဒိယတွင် လူကူးတံတား ပြိုကျပြီး အနည်းဆုံး ၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်တွင် လူကူး တံတားတစ်စင်း ပြိုကျရာ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနိုင်ကြောင်း သိရသည်။

မေ ၁၉ ရက် ညနေပိုင်းက ဆန်ဗော်ဒမ် မြစ်ကို ဖြတ်သန်း တည်ဆောက်ထားသည့် လူကူးတံတား ပြိုကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးများက ပျောက်ဆုံးနေသူများကို ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။ သို့သော် အရေအတွက် မည်မျှ ပျောက်ဆုံးနေသည်ကို တိတိကျကျ မခန့်မှန်းနိုင်သေးချေ။

ကာချောင်ရမ်မြို့ အနီးရှိ တံတား ကျိုးကျသည့် အချိန်တွင် ယင်းတံတားပေါ်၌ လူ ၅၀ ကျော်မျှ ရှိနေနိုင်ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ယင်းတံတားသည် သက်တမ်း နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသော်လည်း လူအများက ဆက်လက် အသုံးပြုနေခဲ့ကြသည်။

မြစ်ထဲသို့ တံတားပြိုကျခဲ့သည့်နောက် အပျက်အစီးများအောက်တွင် လူအများ ပိတ်မိ သေဆုံးနေမည့် အခြေအနေကိုလည်း ၎င်းတို့ စိုးရိမ်နေကြောင်း ဒေသခံ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ပြည်ထဲရေး ဝန်ကြီး ရက်ဂ်ျနက်သ်ဆင်းက ကယ်ဆယ်ရေး လုပ်ငန်းများကို အစောတလျင် ဆောင်ရွက်နိုင်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။ တောင်ပိုင်းဂါအို ဝန်ကြီးချုပ် နာယန်ဒရာ ဆာဝစ်ကာက ယခုဖြစ်ရပ်သည် အလွန် ကံဆိုးသည့် ကြေကွဲစရာ ကိစ္စတစ်ခုဟု ဆိုသည်။

အဆိုပါ တံတားကို လုံးဝဥဿုံ ဖြိုဖျက်သင့်နေပြီ ဖြစ်သော်လည်း အာဏာပိုင် အဖွဲ့အစည်းများက ယင်း၏ အန္တရာယ်ရှိသော အနေအထားကို သတိမမူမိခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင်မူ ရုပ်အလောင်းများ ဆယ်ယူရေးကိုသာ ဦးစားပေး ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

Ref: BBC

Top News